
၂၈. ၃. ၂၀၂၅
Written by Tha Doe
စစ်ကိုင်းပြတ်ရွေ့နိုးထမှုလို့ဆိုတဲ့ စစ်ကိုင်းကို ဗဟိုပြုပြီး လှုပ်ခတ်သွားတဲ့ ပြင်းအားမြင့်ငလျင်ကြောင့် မန္တလေးဟာ နန်းမြို့ရိုး၊ လေဆိပ်၊ ဘုရားပုထိုး၊ နေအိမ်ပြိုပျက်မှုများပြားခဲ့သလို နေပြည်တော်၊ အင်းလေး၊ ပင်းတယ စတဲ့ ဒေသအများအပြားလည်း ပျက်စီးခဲ့ပါတယ်။ ဒီပျက်စီးမှုတွေအပေါ် MT News က ကနဦး ကောက်နုတ်ဖော်ပြပေးပါမယ်။
ငလျင် ဗဟိုချက်
၂ဝ၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၊ မြန်မာစံတော်ချိန် (၁၂) နာရီ၊ (၅၁) မိနစ်၊ (ဝ၂) စက္ကန့် အချိန်မှာ မန္တလေးမြေငလျင်စခန်းက အရှေ့မြောက်ဘက် (၂၁) ကီလိုမီတာခန့် ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်တွင်း (မန္တလေးမြို့၏ အရှေ့မြောက်ဘက် (၂၀) ကီလိုမီတာခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၂ ဒသမ ၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆ ဒသမ ၂၃) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်ချ်တာစကေး (၇ ဒသမ ၇) အဆင့်ရှိ အင်အားအလွန်ပြင်းထန်သော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိတယ်လို့ MRTV က သတင်းထုတ်ပြန်ခဲ့သလို ဒီငလျင်က ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ လာအို၊ ထိုင်း၊ မြန်မာနဲ့ တရုတ်နိုင်ငံတွေမှာ သက်ရောက်ခဲ့တယ်လို့ ဖော်ပြခဲ့ပြီး ငလျင်ဗဟိုချက်ဟာ မြန်မာနိုင်ငံစစ်ကိုင်းမြို့နဲ့ ၁၂ ကီလိုမီတာအကွာမှာဖြစ်တယ်လို့လည်း ဖော်ပြခဲ့ပါတယ်။
ငလျင်က မြေအောက်အနက် ၆ မိုင်ကျော်က လှုပ်ခတ်တာဖြစ်ပြီး ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင်လှုပ်ခတ်တာလို့ အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာန (USGS) က ဖော်ပြခဲ့သလို တရုတ် CENC ကလည်း ပြင်းအား ရစ်ချ်တာစကေး ၇ ဒသမ ၉ အဆင့်ရှိတယ်လို့ ဖော်ပြခဲ့ပါတယ်။
စစ်ကိုင်းတံတားကျိုးကျမှု
စစ်ကိုင်းကို ဗဟိုပြုပြီး စစ်ကိုင်းပြတ်ရွေ့နိုးထမှုလို့ ဆိုနိုင်တဲ့ ဒီငလျင်မှာ ကနဦးသိရတာက နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိ စစ်ကိုင်းတံတားဟောင်း အင်း၀တံတားကျိုးကျပြီး နေအိမ်တွေ ပြိုပျက်ခဲ့တာပါ။
ဒါ့အပြင် စစ်ကိုင်းက မင်းကွန်းတိနီကျောင်း ရွှေရတု၊ ငွေရတု ငါးထပ်ဆောင်လည်းပြိုကျနေပြီး လူပိမိမှုရှိနေသလို ဒီမြင်ကွင်းတွေမှာဆိုရင် လူတွေက မြေပြင်မှာ ဆင်းပြီး ဝပ်နေရအောင် ပြင်းထန်ခဲ့တယ်လို့ သိရပြီး အခြားကြီးကြီးမားမား ပျက်စီးဆုံးရှုံးမှုတွေကို ဆက်လက်အတည်ပြုနေပါတယ်။
မန္တလေးမှာ ပျက်စီးမှု
လတ်တလော ပျက်စီးဆုံးရှုံးမှုမှာ မန္တလေးက အများဆုံးဖြစ်ပြီး နေအိမ်သုံးလုံးထက်မနည်း ပြိုကျပျက်စီး၊ ယိုင်နဲ့သွားတာကို ကနဦးမြင်တွေ့ရသလို မန္တလေးနန်းမြို့ရိုး၊ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်တို့ ပြိုပျက်ခဲ့သလို ဂရိတ်ဝေါဟိုတယ်ကြီးလည်း ပြိုလဲတိမ်းစောင်းသွားပါတယ်။ ဒါ့အပြင် ၂၉ လမ်း၊ ၆၄ လမ်း၊ သာယာကုန်းချမ်းမြသာစည်တိုက်တန်းတွေနဲ့ အခြားနေအိမ်တွေအပါအဝင် အိမ် ၁၀ လုံးအထက် တိမ်းစောင်းပြိုပျက်သွားသလို ဦးလှသိန်းဗိမာန်က စာဖြေသံဃာတွေ သီတင်းသုံးရာခန်းမဆောင်လည်း ပြိုပျက်တယ်လို့ သိရပါတယ်။
မန္တလေးကွန်ပျူတာတက္ကသိုလ်လည်း ဘွဲ့နှင်းသဘင်နဲ့ Lobby ပြိုပျက်မှုဖြစ်ပွားခဲ့တယ်လို့ ကနဦးသိရပြီး မန္တလေးဘုရားကြီးမုခ်ဦးလည်း ပြိုပျက်ပါတယ်။ ဒါ့အပြင် မစိုးရိမ်တိုက်ဟောင်းလည်း ပြိုကျပျက်စီးသွားတာ၊ တောင်သမန်တိုက် သိမ်တော်နဲ့ ပိဋကတ်ကျောင်း ပြိုကျတာတွေသိရပြီး အခြားပျက်စီးထိခိုက်မှုလည်း အများဆုံးဖြစ်နေပါတယ်။
ဒါ့အပြင် ရွှေဘုန်းရှိန်ဗလီလည်း ပြိုကျသွားတယ်လို့ သိရပြီး လူထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့ သိရပါတယ်။
အောင်ပန်း
အောင်ပန်းမြို့မှာလည်း ထိခိုက်ပျက်စီးမှုများပြားပြီး အောင်ပန်းဟိုတယ်ပြို ကျသွားပါတယ်။ လတ်တလောမှာ လူပိမိမှုရှိနေတယ်လို့လည်း သိရပြီး ကယ်ထုတ်ဖို့ ကြိုးပမ်းနေသလို လူသေဆုံးမှုရှိနိုင်တယ်လို့လည်း သိရပြီး အခြားနေအိမ်ပြိုကျပျက်စီးမှုတွေ ရှိနေပါတယ်။
နေပြည်တော်၊ အမြန်လမ်း
ပုဂံက ပျက်စီးထိခိုက်မှုမရှိဘူးလို့ ကနဦးသိရပေမဲ့ နေပြည်တော်မှာလည်း ရှေးဟောင်း ဘုရားပုထိုးတွေ ပြိုပျက်မှုရှိနေပါတယ်။ ဒါ့အပြင် ဝန်ထမ်းအိမ်ရာတစ်ခုဖြစ်တဲ့ ခရေအိမ်ယာလည်း ပြိုကျပျက်စီးမှုရှိခဲ့တဲ့အပြင် အမြန်လမ်းမှာလည်း လမ်းပိုင်းတွေ ပြိုပျက်၊ တံတားတွေကျိုးလို့ သွားလာခွင့် တားမြစ်ထားတာကြောင့် ခရီးသည်တွေ ပိတ်မိနေပြီး ဒီညနေဘက် ကြံ့ခိုင်မှုစိစစ်ပြီးမှ ဆက်လက်သွားလာခွင့်ပြုမယ်လို့ ကနဦး သိရပါတယ်။
အင်းလေး၊ ပင်းတယ
အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်၊ အင်းလေးက ဖောင်တော်ဦးဘုရား နဲ့ အဆောက်အဦတွေ၊ နေအိမ်တွေ များစွာ ပျက်စီးမှုကြုံခဲ့ရသလို ပင်းတယမှာလည်း ဘုရားစေတီအများအပြား ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။
အခြားထိခိုက်မှုများ
ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ ရှမ်းပြည်နယ်မှာ အဓိက ထိခိုက်ခဲ့သလို မူဆယ်၊ တရုတ်နိုင်ငံရွှေလီမှာလည်း အဆောက်အအုံတွေ ပြိုကျပျက်စီးမှု ရှိခဲ့ပါတယ်။ အဆိုးဆုံးထဲက တစ်ခုအဖြစ်လည်း ထိုင်းနိုင်ငံ ဘန်ကောက်မြို၊ ချာတူချတ်ခရိုင်အတွင်းက ဆောက်လုပ်ဆဲ နိုင်ငံတော်စာရင်းစစ်ရုံး တစ်တိုက်လုံး ပြိုကျမှု ဖြစ်ခဲ့ရပြီး မြန်မာလုပ်သားအများအပြားရှိနေတဲ့ ဒီလုပ်ငန်းခွင် ပြိုကျတဲ့အချိန်မှာ အဆောက်အအုံထဲက လူ ၇ ဦးသာ ထွက်ပြေးနိုင်ခဲ့ကြသလို ၄၃ ဦးကတော့ အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေပါတယ်။
စစ်ကိုင်းနဲ့ မန္တလေးကို ဗဟိုပြုတဲ့ ဒီနေ့ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုတန်ကြေးဟာ ဘီလျံပေါင်းများစွာရှိနိုင်သလို လူနေအိမ် ရာချီလည်း ပျက်စီးခဲ့ရပြီး အသက်ပေါင်းများစွာလည်း ဆုံးရှုံးနိုင်တဲ့ အခြေအနေဖြစ်လို့ လက်ရှိမှာ ရန်ကုန်မြို့က ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေ မန္တလေးမြို့ဆီ ထွက်ခွာနေကြသလို ထပ်မံသိရှိရတဲ့ ပျက်စီးဆုံးရှုံးမှု အခြေအနေတွေကိုလည်း ဆက်လက်ဖော်ပြပေးပါမယ်။













