
၂၈.၃.၂၀၂၅
Translated by Htwe Ko Tun
ဒီနေ့ မတ်လ ၂၈ ရက် မွန်းလွဲပိုင်းက မြန်မာနိုင်ငံအလယ်ပိုင်းမှာ ဗဟိုပြုလှုပ်ခတ်ခဲ့သောငလျင်ကြောင့် ငလျင်ဗဟိုချက်နဲ့ ၃၂၆ ကီလိုမီတာကွာဝေးတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်မြို့မှာကို အဆောက်အအုံအချို့ ပြိုကျခဲ့ကြောင်း သိရပါတယ်။။
ဘန်ကောက်မြို့၊ ချာတူချတ်ခရိုင်အတွင်းရှိ ဆောက်လုပ်ဆဲဖြစ်သော နိုင်ငံတော်စာရင်းစစ်ရုံးဆိုလျှင် လုံးဝပြိုကျမှု ဖြစ်ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။ မြန်မာလုပ်သားအများအပြားရှိနေတဲ့ ဒီလုပ်ငန်းခွင် ပြိုကျတဲ့အချိန်မှာ အဆောက်အအုံထဲက လူ ၇ ဦးသာ ထွက်ပြေးနိုင်ခဲ့ကြပြီး ၄၃ ဦး ကတော့ အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေတယ်လို့ သတင်းတွေက ဆိုပါတယ်။
ဂျာမနီနိုင်ငံ၊ ဘူမိသိပ္ပံ သုတေသန (GFZ) အသင်းကြီးရဲ့ပြောကြားချက်အရ ပြင်းအား ၆ ဒသမ ၉ မဂ္ဂနီကျူ့ရှိတဲ့ အင်အားပြင်းငလျင်တစ်ခုဟာ မြန်မာနိုင်ငံအလယ်ပိုင်းကိုဗဟိုပြုလျက် လှုပ်ခတ်သွားခဲ့တာလို့ သိရပါတယ်။ အမေရိကန်ဘူမိဗေဒအသင်းကြီးက ပြင်းအား ၇ ဒသမ ၇ မဂ္ဂနီကျူ့ ရှိတယ်လို့ဆိုပြီး တရုတ်မိုးလေဝသဌာနက ပြင်းအား ၇ ဒသမ ၉ မဂ္ဂနီကျူ့ ရှိတယ်လို့ ကြေညာခဲ့ကြပါတယ်။
GFZ ရဲ့ပြောကြားချက်အရ ငလျင်က မန္တလေးမြို့အနီးမှာ ဗဟိုပြုခဲ့ပြီး အနက် ၁၀ ကီလိုမီတာ( ၆ ဒသမ ၂၁ မိုင်)မှာ လှုပ်ခတ်ခဲ့တာလို့ သိရပါတယ်။
ငလျင်ပြင်းအားက ထိုင်းနိုင်ငံဘန်ကောက်မြို့အထိ သက်ရောက်မှုရှိခဲ့ပြီး ဘန်ကောက်မြို့ရှိ ကုန်တိုက်ကြီးတွေမှ ဈေးဝယ်ပြည်သူတွေ ကြောက်လန့်တကြားနဲ့ ထွက်ပြေးကြတာတွေ့ရပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်းမှာတော့ အဆောက်အအုံအချို့ပြိုကျကာ စစ်ကိုင်းတံတားဟောင်းကြီးလည်း ပြိုကျခဲ့ပါတယ်။ ငလျင်ကြောင့် သေကြေဒဏ်ရာရမှုကို အတိအကျမသိရသေးပါဘူး။ ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်မှာလည်း တံတားတွေထိခိုက်ပျက်စီးမှုတွေ၊ လမ်းပျက်စီးမှုတွေရှိခဲ့ပါတယ်။
Ref- Reuters