
၂၈.၃.၂၀၂၅
Translated by Htwe Ko Tun
မြန်မာနိုင်ငံရဲ့ ရေပိုင်နက်အတွင်း ဝင်ရောက်ငါးခိုးဖမ်းခဲ့မှုအတွက် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက် မှာ မြန်မာစစ်သင်္ဘောတွေက ဖမ်းဆီးသွားခဲ့တဲ့ ထိုင်းငါးဖမ်းသင်္ဘောရဲ့ သင်္ဘောသားလေးဦးကို ပြန်လည်လွှတ်ပေးဖို့ မြန်မာအစိုးရက သဘောတူခဲ့တယ်လို့ သိရပါတယ်။
ထိုင်းအစိုးရဘက်က သင်္ဘောသားလေးဦးကို ပြန်လွှတ်ပေးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တာပါ။ မတ်လ ၂၇ ရက်မှာတော့ သူတို့ကို ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရက သဘောတူခဲ့တာပါ။ ထိုင်းဝန်ကြီးချုပ် ပေတုံတန်ကလည်း ဖမ်းဆီးထားတဲ့ ထိုင်းသင်္ဘောသားလေးဦးကို ထိုင်းနိုင်ငံသို့ ပြန်လည်နှင်ထုတ်မယ်ဆိုတာကို ကြိုဆိုခဲ့ပါတယ်။
မြန်မာအစိုးရက ထိုင်းသင်္ဘောသားလေးဦးကို ပြန်လွှတ်ပေးဖို့ မတ်လ ၂၇ ရက်မှာ ကြေညာခဲ့တာလို့လည်း သိရပါတယ်။ ဒီအမိန့်ကို နစက အတွင်းရေးမှူး ဗိုလ်ချုပ်ကြီးအောင်လင်းဒွေးအမိန့်နဲ့ ထုတ်ပြန်ခဲ့တာပါ။
“မြန်မာအစိုးရအနေနဲ့ ထိုင်းနဲ့မြန်မာအကြား ဆက်ဆံရေးပိုမိုကောင်းမွန်ဖို့ ထိုင်းသင်္ဘောသားလေးဦးကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ကျွန်မကိုအကြောင်းကြားလာတာမှာ တကယ်ပဲ ဝမ်းမြောက်ကြည်နူးမိပါတယ်” လို့ ထိုင်းဝန်ကြီးချုပ်က လူမှုကွန်ရက်မှာရေးခဲ့ပါတယ်။
သူတို့လေးဦးကို ထိုင်းနိုင်ငံ ရနောင်းမြို့ တစ်ဖက်ကမ်း ကော့သောင်းမြို့ အကျဉ်းထောင်မှာ ဖမ်းဆီးထားတာပါ။ အဆိုပါ အကျဉ်းထောင်မှာပဲ ဖမ်းထားတဲ့ ဖိလစ်ပိုင်နိုင်ငံသားသုံးဦးကိုလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်လို့ သိရပါတယ်။ သူတို့ကို မြန်မာအစိုးရက ပြန်လည်လွှတ်ပေးပြီး မကြာမီရက်ပိုင်းမှာ ပြည်နှင်ဒဏ်ပေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်ကလည်း မြန်မာအစိုးရက ထိုင်းအကျဉ်းသား ၁၅၁ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးကာ ထိုင်းနိုင်ငံသို့ ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
Ref- Bangkok Post