
ဘလူးချိစတန်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ၂၄ နာရီအတွင်း သေဆုံးသူ အနည်းဆုံး ၁၄ ဦးအထိရှိ
၂၈.၃.၂၀၂၅
Translated by Htwe Ko Tun
ပါကစ္စတန်နိုင်ငံ၊ ဘလူးချိစတန်ပြည်နယ်မြို့တော်ဖြစ်တဲ့ ကွတ်တာမြို့ရဲ့ အဓိကလမ်းမကြီးတစ်ခုပေါ်မှာ မတ်လ ၂၇ ရက်က ဗုံးပေါက်ကွဲမှုတစ်ရပ်ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူသုံးဦးသေဆုံးပြီး ၂၁ ဦးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။


ဗုံးကွဲမှုကြောင့် သေဆုံးရသူသုံးဦးအနက် တစ်ဦးက ဒေသအတွင်း ကင်ဆာရောဂါကုဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေတဲ့ ကင်ဆာရောဂါအထူးကုဆရာဝန်တစ်ဦး ဖြစ်တယ်လို့လည်း သိရပါတယ်။
တာဝန်ရှိသူတွေက ဗုံးခွဲမှုရဲ့ပစ်မှတ်က နယ်မြေအတွင်းကင်းလှည့်နေတဲ့ ရဲတပ်ဖွဲ့ကားတစ်စီးကို ဦးတည်တာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်လေးဦးလည်း ဒဏ်ရာရခဲ့ကြတယ်လို့ ပြောခဲ့ပါတယ်။ မည်သူမည်ဝါမသိသေးတဲ့ ဗုံးခွဲသမားတွေက ပေါက်ကွဲစေတဲ့ပစ္စည်းတွေတင်ထားတဲ့ မော်တော်ဆိုင်ကယ်တစ်စီးကို လမ်းမကြီးတစ်ခုမှာ ရပ်ထားပြီး ရဲကားရောက်ရှိလာချိန်မှာ အဝေးထိန်းကိရိယာနဲ့ ဖောက်ခွဲခဲ့ကြတာပါ။
ရဲတပ်ဖွဲ့က ဗုံးပေါက်ကွဲတဲ့နေရာကို ပိတ်ဆို့ထားခဲ့ပြီး သေဆုံးဒဏ်ရာရသူတွေကို ဆေးရုံသို့ သယ်သွားခဲ့ပါတယ်။ ဒဏ်ရာရသူ ၂၁ ဦး ဆေးရုံကိုရောက်ရှိလာပြီး လေးဦးက ဒဏ်ရာပြင်းထန်တယ်လို့ ဆရာဝန်တွေက ပြောခဲ့ပါတယ်။ ဗုံးကွဲအားက ပြင်းထန်တဲ့အတွက် အနီးတစ်ဝိုက်မှာရှိတဲ့ ဆိုင်တစ်ချို့လည်း ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗုံးပေါက်ကွဲပြီးတဲ့နောက် မီးလောင်မှုတစ်ရပ်ပါဖြစ်ခဲ့ရလို့ မီးသတ်တပ်ဖွဲ့က ငြှိမ်းသတ်ခဲ့ရပါတယ်။ ဗုံးရှင်းလင်းရေးအဖွဲ့က ပေါက်ကွဲတဲ့နေရာကို စစ်ဆေးရှင်းလင်းမှုတွေလုပ်နေပြီး သက်သေအထောက်အထားတွေလည်း စုဆောင်းနေပါတယ်။ ဒါပေမယ့် ဘယ်အဖွဲ့ကမှခွဲမှုဟာ သူတို့လက်ချက်လို့ မပြောကြသေးပါဘူး။
ဘလူးချိစတန်ပြည်နယ်အတွင်း နေရာအနှံ့မှာ သီးခြားစီတိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အနည်းဆုံး သေဆုံးသူ ၁၄ ဦး အထိရှိခဲ့တယ်လို့လည်း သိရပါတယ်။
Ref- Dawn