
၂၈.၃. ၂၀၂၅
Written by Nay Moe
အောင်လံ ကပစ (၁၅) မှ တပ်ဖွဲ့ဝင်တစ်ဦးကိုလာရောက်သတ်ဖြတ်သည့် NUG လက်အောက်ခံ အောင်လံ PDF အဖွဲ့က ဆိုင်ကယ်နှင့် ကျေးရွာကူးသည့် အပြစ်မဲ့အမျိုးသားတစ်ဦးကိုပါ ပျူစောထီးဟုဆိုကာ မှားယွင်းပစ်ခတ်သတ်ဖြတ်လိုက်ပြီးမှ ထိုသို့ သတ်ဖြတ်မှု ကျူးလွန်မိသည့်အပေါ် စိတ်မကောင်းကြောင်း တောင်းပန်လာသည်။
ဖြစ်စဉ်မှာ အောင်လံမြို့အခြေစိုက် က.ပ.စ (၁၅) မှ တပ်ဖွဲ့ဝင် အဲဗားကြီး (ခ) ရဲဝင်းခိုင်ဆိုသူအား အောင်မြေကုန်းကျေးရွာနှင့် ရွာမထုံးကျေးရွာအကြား၌ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီ မိနစ် ၄၀ ခန့်တွင် အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(အောင်လံ PDF) က ပစ်ခတ်သတ်ဖြတ်ခြင်းဖြစ်ပြီး ထိုသို့သတ်ဖြတ်စဉ် ရွာမထုံးကျေးရွာနေ ဦးအောင်သန်းဦးဆိုသူ အပြစ်မဲ့ပြည်သူတစ်ဦးကိုလည်း မှားယွင်းပစ်ခတ်သတ်ဖြတ်လိုက်ကြသည်။
အောင်လံ PDF က အဲဗားကြီး (ခ) ရဲဝင်းခိုင်ဆိုသူအား ပစ်ခတ်သတ်ဖြတ်ရန် ပြင်ဆင်နေချိန်တွင် ဦးအောင်သန်းဦးသည် အဲဗားကြီး၏ ဆိုင်ကယ်နှင့် ရှေ့ဆင့်နောက်ဆင့်ဖြစ်သွားခြင်း၊ ပျူစောထီးဟုလည်း ထင်မှတ်မှားခြင်းတို့ကြောင့် တမင်သက်သက် ပစ်ခတ်သတ်ဖြတ်လိုက်ပြီးမှ မြေပြင်သတင်းများနှင့် နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုများအရ ဦးအောင်သန်းဦး (၅၂ နှစ်) သည် ပျူစောထီးသင်တန်း တက်ရောက်ထားသူ မဟုတ်ဟု သိရကြောင်း၊ ထို့ကြောင့် အောင်လံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် ကာယကံရှင် မိသားစုနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြောင်း၊ စိတ်မကောင်းခြင်းများစွာဖြင့် တောင်းပန်ကြောင်း၊ ဤဖြစ်စဥ်နှင့် ပက်သက်သည့် အပြစ်ပေးအရေးယူမှုများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်ဖြင့် လိုက်နာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံချက်တွင် ဖော်ပြထားသည်။