
၂၈.၃.၂၀၂၅
Written By Zun
မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်၊ မြဝတီခရိုင်မှ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်လာသည့် မြန်မာနိုင်ငံသား ၁၀ ဦးကို ထိုင်းတပ်မတော်၊ ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေး ဦးစီးဌာနပါဝင်သည့် ပူးပေါင်းအဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း မတ်လ ၂၇ ရက်က ထိုင်းအာဏာပိုင်များ၏ ပြောဆိုချက်ကို ကိုးကား၍ ဒေသတွင်း သတင်းများတွင် ဖော်ပြကြသည်။
ပြီးခဲ့သည့် မတ်လ ၂၆ ရက် ည ၉ နာရီခွဲအချိန်ခန့်က ထိုင်း-မြန်မာ နယ်စပ်၊ တက်ခ်ခရိုင်၊ ဖိုးဖမြို့နယ်၊ ခီရီလာ့တ်ကျေးရွာအနီးတွင် တရားမဝင်ရွှေ့ပြောင်းမြန်မာနိုင်ငံသားများကို ဖမ်းမိခဲ့ခြင်းလည်းဖြစ်သည်။


ပူးပေါင်းအဖွဲ့က လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် ISUZU အမှတ်တံဆိပ် D-Max မော်ဒယ် ခဲရောင်ယာဉ်တစ်စီးမောင်းနှင်လာသည်ကို တွေ့ရှိခဲ့သောကြောင့် စစ်ဆေးခံရန် တားဆီးစဉ် ယာဉ်မောင်းက အရှိန်မြှင့်တင်မောင်းနှင်ထွက်ပြေးခဲ့သောကြောင့် ပူးပေါင်းအဖွဲ့က မောင်းနှင်ထွက်ပြေးသည့် ယာဉ်နောက်သို့ လိုက်သွားခဲ့ရာ ခီရီလာ့တ် ကျေးရွာအနီး မြန်မာနိုင်ငံသား ၁၀ ဦး တင်ဆောင်ထားသော အဆိုပါယာဉ်ကို တွေ့ရှိခဲ့ပြီး ယာဉ်မောင်းမှာ ထွက်ပြေးသွားကြောင်း သိရသည်။


အဆိုပါ ယာဉ်အတွင်းမှ မြန်မာနိုင်ငံသား အမျိုးသား ၄ ဦး၊ အမျိုးသမီး ၆ ဦး ကို စာရွက်စာတမ်း အထောက်အထားမရှိဘဲ ဝင်ရောက်လာသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ၎င်းတို့က ဘန်ကောက်တွင် အလုပ်လုပ်ရန် လာရောက်ခဲ့ကြခြင်းဖြစ်ကြောင်း ဝန်ခံထွက်ဆိုခဲ့ကြောင်း သိရသည်။
ယခုအခါ ဖမ်းမိသည့် မြန်မာနိုင်ငံသားများအား ဖိုးဖရဲစခန်းတွင် ထိန်းသိမ်းထားပြီး ထိုင်းနိုင်ငံ ဥပဒေအရ အရေးယူ၍ ပြစ်ဒဏ်ကျခံပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်မည် ဖြစ်ကြောင်း သိရသည်။