




နိုင်ငံတော်တွင်ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် ယခင်ကထက် လုပ်ငန်းတာဝန်များကို နေ့ညမနား ဆထက်ထမ်းပိုး ဆောင်ရွက်နေကြရကြောင်း SAC ဥက္ကဋ္ဌ ပြောကြား
နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် SAC ဥက္ကဋ္ဌနှင့်အတူ တပ်မတော်အရာရှိကြီးများ သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြု




၂၈. ၃. ၂၀၂၅
Written by Nyein Kyaw
တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်မိန့်ခွန်း ပြောကြားပြီး ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့်အပ်နှင်းပေးသည်။
ယခု ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ နေ့ထူးနေ့မြတ်အခါသမယတွင် တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် အသက်ကိုပဓာနမထားဘဲ စွမ်းစွမ်းတမံသယ်ပိုးခဲ့ကြသူများကို တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မိမိတို့နိုင်ငံတွင် ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော်အနေဖြင့် ယခင်ကထက် လုပ်ငန်းတာဝန်များကို နေ့ညမနားဘဲ ဆထက်ထမ်းပိုး ဆောင်ရွက်နေကြရကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးတာဝန်များအပြင် လေ့ကျင့်ရေးတာဝန်များ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်နေရသကဲ့သို့ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ဦးတည်ချက်များကို အကောင်အထည်ဖော်ရာတွင်လည်း တစ်တပ်တစ်အားပါဝင် ထမ်းဆောင်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




ထို့ပြင် ပြည်သူများ၏ဘဝ လုံခြုံအေးချမ်းရေး၊ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေးမှ တိုင်းပြည်တစ်ဝန်းလုံး တည်ငြိမ်အေးချမ်းဖွံ့ဖြိုးစေရန် တပ်မတော်က ကြိုးစားဆောင်ရွက်ပေးနေခြင်းများသည် တပ်မတော်၏ စစ်မှန်သည့်သဘောထားနှင့် ရပ်တည်ချက်များဖြစ်သည်ကို ပြောကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယခုအခမ်းအနားမှ တပ်မတော်စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ဖြစ်သည့် သူရဲကောင်းမှတ်တမ်းဝင်တံဆိပ် ချီးမြှင့်ခံရသူများသည် နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာတွင် တိုင်းပြည်နှင့် လူမျိုးအတွက် အခက်အခဲမှန်သမျှကိုအမှုမထားဘဲ အသက်ခန္ဓာစွန့်လွှတ်ရဲသော ကြံ့ခိုင်သည့်စိတ်ဓာတ်၊ ပြောင်မြောက်သည့် သူရသတ္တိများဖြင့် ရဲရဲဝံ့ဝံ့တိုက်ပွဲဝင်ခဲ့ကြသည့် ပြည်သူ့သားကောင်းဇာနည်များဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူရဲကောင်းမှတ်တမ်းဝင် တံဆိပ်ရရှိသူ ဗိုလ်ချုပ် ၁ ဦး၊ ဗိုလ်မှူးကြီး ၃ ဦး၊ ရဲမှူးချုပ် ၁ ဦး၊ ဒုတိယဗိုလ်မှူးကြီး ၂ ဦး၊ ဗိုလ်မှူး ၃ ဦး၊ ဗိုလ်မှူး/ဗိုလ်ကြီး ၂ ဦး၊ ဗိုလ်ကြီး ၃ ဦး၊ တပ်ခွဲတပ်ကြပ်ကြီး ၁ ဦး၊ တပ်ကြပ်ကြီး ၂ ဦး၊ တပ်ကြပ် ၂ ဦး၊ ဒုတိယတပ်ကြပ် ၂ ဦး တို့အား ဆုတံဆိပ်များ အသီးသီးပေးအပ် ချီးမြှင့်ခဲ့သည်။
ထို့အတူ နှစ်(၈၀)ပြည့် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် သူရဲကောင်းဗိမာန်(နေပြည်တော်)၌ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခြင်းအခမ်းအနားကို ယမန်နေ့တွင် ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ ဂုဏ်ပြုပန်းခြင်းချ အလေးပြုခဲ့သည်။
SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်းဗိမာန်အတွင်းနှင့် ရင်ပြင်တွင် နေရာယူကြကာ SAC ဥက္ကဋ္ဌက ဂုဏ်ပြုပန်းခြင်းချပြီး တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့်အတူ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်စဉ် အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် သူရဲကောင်းစစ်သည်များအား အလေးပြုခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌနှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများသည် သူရဲကောင်းဗိမာန် (နေပြည်တော်) ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးကြပြီး သူရဲကောင်းဗိမာန်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
အဆိုပါ သူရဲကောင်းစစ်သည်ဗိမာန်(နေပြည်တော်)ကို နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးအတွက် အသက်ကိုစွန့်လွှတ်ခဲ့ရသည့် မြန်မာသူရဲကောင်းများကို ဂုဏ်ပြုရန်၊ အချုပ်အခြာအာဏာနှင့် လွတ်လပ်စွာအုပ်ချုပ် ခွင့်ရရှိပြီးသည့်နောက် အသိအမှတ်ပြုဖွယ်ရာ ရဲစွမ်းသတ္တိရှိစွာ ကြိုးစားအားထုတ်မှုများ ပြုလုပ်ရာတွင် အသက်ကိုစွန့်လွှတ်ခဲ့သည့် သူရဲကောင်းများကို ဂုဏ်ပြုရန်၊ ယင်းသူရဲကောင်းများအား နောင်လာနောက်သားများ အမြဲအမှတရနေစေရန်နှင့် မျိုးဆက်သစ် လူငယ်များ၏ စိတ်ထဲတွင် နိုင်ငံတော်ကိုချစ်သည့်စိတ်နှင့် နိုင်ငံတော်အတွက် စွန့်လွှတ်စွန့်စားလိုသည့် စိတ်ဓာတ်များ ရှင်သန်ကိန်းအောင်းလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် SAC ဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ၂၀၁၇ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဗိမာန်အတွင်းနံရံများ၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း အသက်စွန့်လွှတ်ပေးလှူခဲ့ရသည့် အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ၊ သီဟသူရဘွဲ့ရရှိခဲ့သူ၊ သူရဘွဲ့ရရှိခဲ့သူ၊ သူရဲကောင်းမှတ်တမ်းဝင်တံဆိပ်ရရှိခဲ့သူများ၏ အမည်များကို ဂရင်းနိုက်ကျောက်ပြားပေါ်၌ ရွှေစာလုံးများဖြင့် ရေးထွင်းမှတ်တမ်းတင်ဂုဏ်ပြုထားရှိကြောင်းနှင့် ဗိမာန်၏အပြင်ဘက်တွင်လည်း အောင်ဆန်းသူရိယဘွဲ့ရရှိခဲ့သူ စစ်သည် ၅ ဦးနှင့် အရပ်သားတစ်ဦးတို့၏ ပုံတူများကို ဂုဏ်ပြုစိုက်ထူထားရှိကြောင်း သိရသည်။