
၂၇. ၃. ၂၀၂၅
Written by Phyo Wei
MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမှာ MNDAA လက်နက်ကိုင်တွေရဲ့ ကြိုးကိုင်မှုနဲ့ တရုတ်သမ္မတနဲ့ တရုတ်အစိုးရကို ဆန္ဒပြတဲ့ဖြစ်စဉ် တွေ့မြင်ရတဲ့ ဒီတစ်ပတ်မှာပဲ တပ်မတော်က စဉ့်ကူးဒေသကို လေကြောင်းတိုက်ခိုက်တာက သယံဇာတလုပ်ငန်းတွေကိုသာ ဖြစ်တယ်လို့ မန္တလေး PDF ဝန်ခံလာသလို အမေရိကန်က ပြည်နှင်ဒဏ်ပေးခံရသူ မြန်မာနိုင်ငံသားတွေ ပြန်လည်လက်ခံဖို့ မြန်မာအစိုးရက အမေရိကန်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်နေပြီး ပထမအသုတ်အဖြစ် နှစ်ဦးပြန်လည်ရောက်ရှိလာမယ်ဆိုတဲ့ဖြစ်စဥ်တွေအပြင် နေပြည်တော် PDF ရဲ့ ပျဉ်းမနားစစ်ကြောင်းမှူးကို ကယန်းပြည်သစ်တပ်မတော်က ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု အရေးယူပေးမယ် စကားတစ်ခုနဲ့ ကျေနပ်ခဲ့လိုက်ရတဲ့သတင်းတွေ မြင်တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ဦးအောင်ဆန်းဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆယ်စုနှစ်နှစ်ခုကျော် အမွေလုနေကြတဲ့ အမွေဆိုင် ခြံအမှတ်(၅၄)ရဲ့ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံကနေ ဘီလျံ ၂၇၀ အထိ ထပ်မံလျှော့ချလိုက်ပြီး လာမယ့် ဧပြီလ ၂၉ ရက်မှာ လေးကြိမ်မြောက် လေလံကို နေအိမ်ရှေ့ ဆက်လက်ပြုလုပ်မယ်ဆိုတာ၊ မြန်မာနိုင်ငံဘက်ခြမ်းက PDF နဲ့ လက်နက်ကိုင်တွေဆီ နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခိုပို့ဆောင်မယ့် လက်နက်ခဲယမ်းတွေကို ထိုင်းစစ်တပ် ဖမ်းလိုက်တာ၊ ဖယ်ခုံက ရွှေဓမ္မရောင်ခြည်ကျောင်းထိုင်ဆရာတော်နဲ့ ကပ္ပိယကို ဒလန်ဖြစ်တဲ့အပြင် မိန်းမလိုက်စားလို့ သတ်တာလို့ ကျူးလွန်တဲ့ NUG ရဲ့ ပျားစစ်ကြောင်းက အပြစ်ပုံချစာထုတ်အပြီး သတ်ဖြတ်မှုမှန်ကန်ကြောင်း ထောက်ခံမှုကို အဓမ္မကောက်ခံနေတာကြောင့် ဒီစစ်ရာဇဝတ်မှုကို NUG အရေးယူပေးဖို့ ရှမ်းဒေသခံလူမှုအဖွဲ့အစည်း ၁၇ ဖွဲ့က တောင်းဆိုလာတာ၊ ‘၀’တို့ ‘ကိုးကန့်’တို့ လုပ်နေပြီး ကမ္ဘာက ဝေဖန်ရဲမှုမရှိတဲ့ သေဒဏ်ပေးမှုဖြစ်စဉ်အဖြစ် မူးယစ်ဆေးသုံးစွဲပြီး သူငယ်ချင်းကို သံချောင်းနဲ့ သေအောင် ရိုက်နှက်တဲ့ ‘ဝ’ရဲတပ်ဖွဲ့ဝင်ကို UWSA က လူမြင်ကွင်းမှာ သေဒဏ်ချလိုက်တာ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်ရဲ့ ထန်တလန်မြို့က အိမ်၊ ခြံ၊ မြေ ပိုင်ဆိုင်မှုအားလုံးကို CDF-Thantlang သိမ်းယူတာ၊ နှမ်းခါးရွာက PDF လက်နက်သိုလှောင်ထားရာနဲ့ ဆေးပေးခန်းတိုက်ခိုက်ခံရမှုမှာ CDM ဆရာဝန်မိသားစုအပါအဝင် ၁၁ ဦး သေဆုံးသွားတာ၊ ကျိုက်ထို စသုံးလုံးက စုံစမ်းရေးမှူးအပါအဝင် အရာရှိသုံးဦးကို PDF နှစ်ဖွဲ့ပေါင်း သတ်ဖြတ်လိုက်တာ၊ နောင်ချိုမြို့က TNLA နဲ့ PDF တွေ လက်နက်ချကြဖို့ နေဝန်းနီစစ်ကြောင်းမှူးက စာပို့လိုက်ပြီး သုံးရက်အတွင်း အကြောင်းပြန်ဖို့ သတိပေးလိုက်တာနဲ့ လက်နက်ကိုင်မှု လေးနှစ်အတွင်းမှာ ဟားခါး PDF ၅၂ ယောက် အသက်ပျောက်ခဲ့တာ စတဲ့ဖြစ်စဉ်တွေအပြင် မြဝတီဘက်ခြမ်းက တရုတ်ကျားဖြန့်ငွေလိမ်ဂိုဏ်းတွေမှာ လူကုန်ကူး ဖမ်းဆီးခံထားရချိန် မုဒိမ်းကျင့်ခံခဲ့ရပြီး ကိုယ်ဝန်ရှိလာခဲ့တဲ့ အီသီယိုပီးယားနိုင်ငံသား အမျိုးသမီး ၁၂ ဦးက ထိုင်းနိုင်ငံမှာ ဆေးဝါးကုသမှုခံယူဖို့ အကူအညီတောင်းခံနေတယ်ဆိုတာနဲ့ မတရားဖမ်းဆီးထောင်ချခံ မြန်မာနိုင်ငံသား ဦးအောင်မြင့် သေဆုံးမှု တရားမျှတမှုရရှိရေးနဲ့ မဏိပူရ်နဲ့ အာသံပြည်နယ်တွေအတွင်းမှာ ဖမ်းဆီးထောင်ချခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်တွေ အမြန်လွှတ်ပေးဖို့ အရပ်ဘက်အဖွဲ့အစည်း ၁၉၆ ဖွဲ့က အိန္ဒိယဗဟိုအစိုးရထံ အိတ်ဖွင့်ပေးစာ ပေးပို့လိုက်တဲ့ဖြစ်စဉ်တွေ မြင်တွေ့ရပေမဲ့ ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက်အဖြစ်တော့ SAC ဥက္ကဋ္ဌက BIMSTEC အစည်းအဝေးကို တက်ရောက်မယ်ဆိုတဲ့အကြောင်း၊ နိစ္စဓူ၀ဖြေရှင်းနေရတဲ့ စစ်မှုထမ်းငွေကြေးကောက်ခံမှုတွေအကြောင်းနဲ့ အထမြောက်အောင် လုပ်ဆောင်မယ့်ရွေးကောက်ပွဲအကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
SAC ဥက္ကဋ္ဌတက်မယ့် BIMSTEC
ပြီးခဲ့တဲ့ မတ်လဆန်းကမှ ရုရှားနဲ့ ဘီလာရုစ်နိုင်ငံတွေဆီ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဥ် သွားရောက်ခဲ့တဲ့ နိုင်ငံတော်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ထိုင်းနိုင်ငံမှာ ဧပြီလ ၃ ရက်နဲ့ ၄ ရက်နေ့တို့မှာ ကျင်းပမယ့် BIMSTEC ထိပ်သီးအစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ အိန္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနိုင်ငံတို့နဲ့အတူ တက်ရောက်မယ်လို့ ထိုင်းနိုင်ငံဘက်က သတင်းထုတ်ပြန်လာပါတယ်။
ဘင်္ဂလားပင်လယ်အော် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ဘက်စုံပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (BIMSTEC) ရဲ့ ဆဋ္ဌမအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ထိုင်းဝန်ကြီးချုပ် ပေတုံတန်ရှင်နာဝပ်ထရာက ဦးဆောင်မှာဖြစ်ပြီး အိန္ဒိယဝန်ကြီးချုပ်မိုဒီလည်း တက်ရောက်မှာပါ။
BIMSTEC ထိပ်သီးအစည်းအဝေးကို မူလက ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလမှာ ကျင်းပဖို့စီစဉ်ထားခဲ့ရာက ဒီနှစ် ဧပြီလဆီ ရောက်ရှိလာတာဖြစ်ပြီး ဒီထိပ်သီးအစည်းအဝေးဟာ ၂၀၂၁ ခုနှစ် အာဏာထိန်းသိမ်းမှုဖြစ်စဥ်အပြီးမှာ SAC ဥက္ကဋ္ဌရဲ့ ပထမဆုံးသောထိုင်းနိုငငံခရီးစဥ်လည်းဖြစ်လာခဲ့တာပါ။
၁၉၉၇ ခုနှစ်က ဘန်ကောက်မြို့မှာ တည်ထောင်ခဲ့တဲ့ BIMSTEC ဟာ ဘင်္ဂလားပင်လယ်အော်နဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ နိုင်ငံတွေအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေဖို့ ရည်ရွယ်ထားသလိုတောင်အာရှနဲ့ အရှေ့တောင်အာရှကြား စီးပွားရေး၊ လူမှုရေးနဲ့ ယဉ်ကျေးမှုဆက်သွယ်မှုတွေကို မြှင့်တင်ပေးတဲ့ တံတားတစ်ခုအဖြစ် ဆောင်ရွက်ပေးသလို ထိပ်သီးအစည်းအဝေးအတွင်း အဖွဲဝင်နိုင်ငံတွေဟာ သံတမန်ရေးရာနဲ့ စီးပွားရေးဆက်ဆံရေးမှုကို ခိုင်မာစေဖို့ နှစ်နိုင်ငံသဘောတူညီချက်တွေ ချုပ်ဆိုကြသလို အခု ကျင်းပမယ့် BIMSTEC ဟာ ပင်လယ်ရေးရာပူးပေါင်းဆောင်ရွက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒေသတွင်းဆက်သွယ်ရေးတို့ကို အဓိကထားဆွေးနွေးမှာပါ။
BIMSTEC မှာ SAC ဥက္ကဋ္ဌဟာ အိန္ဒိယဝန်ကြီးချုပ်မိုဒီနဲ့ တွေ့ဆုံဖွယ်ရှိသလို လာမယ့် မေလမှာ ရုရှားနိုင်ငံရဲ့ အမျိုးသားအောင်ပွဲနေ့ကို တရုတ်သမ္မတရှီကျင့်ဖျင်သာတက်ရောက်ရင် ဒီလပိုင်းအနည်းငယ်မှာ တရုတ်ဝန်ကြီးချုပ်လီချန်၊ ရုရှားသမ္မတပူတင်၊ ဘီလာရုစ်သမ္မတလူကာရှန်ကိုတို့အပြင် ရှီကို ထည့်ပေါင်းလို့ ကမ္ဘာ့လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းနီးနီးရှိတဲ့ အရေးပါတဲ့နိုင်ငံကြီးတွေရဲ့ အကြီးအကဲတွေကို SAC ဥက္ကဋ္ဌက ဆက်တိုက်တွေ့ဆုံရမယ့် အခြေအနေလည်းဖြစ်လာဦးမှာပါ။ အမေရိကန်ဟာ ထရမ့်ပ်ကြောင့် မြန်မာနိုင်ငံမှာ အမျိုးစုံကြိုးခုန်ပြီး မွှေနှောက်သမျှတွေ USIAD နဲ့အတူ ရပ်သွားချိန်မှာ အမေရိကန်အလိုကျကနေရတဲ့ NUG အဖို့တော့ SAC ဥက္ကဋ္ဌရဲ့ ဒီတွေ့ဆုံမှုတွေဟာ သူတို့ကျရှုံးခြင်းရဲ့ ပြယုဂ်ဖြစ်ပြီး သူတို့နိုင်တော့မှာပြောလေ SAC ဥက္ကဋ္ဌက နိုင်ငံတကာမှာ မျက်နှာပွင့်လေဖြစ်နေတာကို မရှုစိမ့်တာကြောင့် BIMSTEC ကို SAC ဥက္ကဋ္ဌမတက်ရဖို့ နည်းမျိုးစုံသုံးဖျက်ဆီးနေပေမဲ့ ထုံးစံအတိုင်း ကျရှုံးကြဦးမယ့်ပုံစံပါ။
နိစ္စဓူ၀ဖြေရှင်းနေရတဲ့ စစ်မှုထမ်းငွေကြေးကောက်ခံမှု
မြန်မာနိုင်ငံမှာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလမှာ ပြဋ္ဌာန်းထားခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာ စတင်အာဏာတည်စေခဲ့ကာ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ အဆင့်ဆင့်ဖွဲစည်းထားရှိပြီး သတ်မှတ်အရည်အချင်းတွေနဲ့ ပြည့်စုံသူတွေကိုသာ ဥပဒေနဲ့အညီ သင်တန်းတွေဖွင့်လှစ်သင်ကြားပေးကာ ခန့်အပ်တာဝန်ပေးနေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ အချို့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေအနေနဲ့ ဥပဒေလုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်ခြင်း မရှိတဲ့အတွက် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရာမှာ ဥပဒေနဲ့မညီတဲ့ မလိုလားအပ်တဲ့ ငွေကြေး မသမာမှုတွေကြောင့် စုဆောင်းခံရတဲ့ ပြည်သူ့စစ်မှုထမ်းအချို့မှာ အခက်အခဲ အကျပ်အတည်း ဖြစ်ပေါ်လာကာ အဆိုပါ နိစ္စဒူဝ ပြဿနာကိုလည်း ဖြေရှင်းနေရတယ်လို့ ဒုတပ်ချုပ်က ပြောကြားခဲ့ပါတယ်။ ဒါကြောင့် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ အဆင့်ဆင့်ရဲ့ မှားယွင်းလုပ်ဆောင်မှုတွေ တွေ့ရှိရင် သက်ဆိုင်ရာထံ အချိန်နဲ့တစ်ပြေးညီ အသိပေး တင်ပြဆောင်ရွက်ပေးကြဖို့ လိုတယ်လို့လည်း SAC ဒုဥက္ကဋ္ဌက မှာကြားခဲ့တာ တွေ့ရပါတယ်။
စစ်မှုထမ်းဥပဒေ စတင် ကျင့်သုံးတဲ့ ဒီကာလဟာ နိုင်ငံတော်က ခွဲထွက်ချင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ဖိအားတွေကြောင့် စစ်ဆင်နွှဲနေရတဲ့ ကာလပါ။ ဒီလိုကာလဖြစ်နေချိန်မှာ စစ်မှုမထမ်းချင်ကြတဲ့သူတွေက ငွေပေးငွေယူလုပ်ဆောင်ရာကနေ မသမာမှုတွေဖြစ်နေတာကို နေရာအနှံ့ကြားနေရတဲ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းကလည်း စစ်မှုထမ်းစုဆောင်းခံရတဲ့ ရွှေဘိုမြို့နေ မောင်ကျော်မင်းခန့် မိသားစုထံက တောင်းယူတဲ့ ကျပ်သိန်း ၁၃၀ ကို ရွှေဘိုမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သန်းဇော်က ၂၅ သိန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အကြီးတန်းစာရေး ကျော်ခိုင်လတ်က ၂၅ သိန်း၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အငယ်တန်းစာရေး သူရိန်ညွန့်က သိန်း ၃၀ ၊ မောင်ကျော်မင်းခန့်အစား လူစားထိုး လဲလှယ်မယ့် ရွှေဘိုမြို့၊ အမှတ်(၁၀) ရပ်ကွက် နေထိုင်သူ သန်းစိုးထိုက်က ကျပ်သိန်း ၅၀ စသလို အသီးသီးခွဲယူခဲ့လို့ ဒီငွေကျပ်သိန်း ၁၃၀ ကို မောင်ကျော်မင်းခန့်မိသားစုထံ ပြန်လည်ပေးအပ်ပြီး ကျူးလွန်သူလေးဦးကို အရေးယူခဲ့ရပါသေးတယ်။
လက်ရှိ စစ်မှုထမ်းရမယ့်ကာလမှာ လူငယ်တွေဟာ ဘာတွေခံစားခွင့်ရမယ်ဆိုတာထက် ဘယ်လိုတွေ ကြုံရနိုင်တယ်ဆိုတာကိုပဲ သိနေကြလို့ စစ်မှုမထမ်းချင်ကြတဲ့ ပြဿနာလည်း ဖြစ်နေရတာပါ။ ဒီအခြေအနေတွေကို ကျော်ဖြတ်ဖို့ဆိုရင် စစ်မှုထမ်းခြင်းအားဖြင့် ပေးနိုင်မယ့် အခွင့်အရေးတွေကို လူထုကသိဖို့ လိုအပ်ပါတယ်။ ဒီလို လိုအပ်တဲ့အပြင် ဒီစစ်မှုထမ်းရမယ့် ဥပဒေကို ရပ်ဆိုင်းသွားစေချင်ရင် ပြည်တွင်းစစ်ရပ်သွားမှပဲ ဖြစ်နိုင်မယ်ဆိုတာကို လူထုက နားလည်ထားပြီး ဒီပြည်တွင်းစစ်ရပ်ရေးအတွက်လည်း အဓိကကျတဲ့ ရွေးကောက်ပွဲ အမြန်ဆုံးဖြစ်မှ၊ အောင်မြင်မှ ရမယ်ဆိုတာကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ဖို့ လိုအပ်ပါတယ်။
အထမြောက်အောင် လုပ်ဆောင်မယ့် ရွေးကောက်ပွဲ
ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကို အခုနှစ် ဒီဇင်ဘာလ တတိယပတ်ကနေ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်အတွင်း ကျင်းပပြုလုပ်ဖို့လျာထားပြီး ရွေးကောက်ပွဲ အထမြောက်တဲ့အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်မယ်လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလာပါတယ်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန် ၂ နှစ်အတွင်း ကျင်းပနိုင်ဖို့အတွက် ဆောင်ရွက်ခဲ့ရာမှာလည်း ကိုဗစ်-၁၉ အလွန် ကာလဖြစ်ခြင်းနဲ့ တည်ငြိမ်မှုလိုအပ်နေချိန်ဖြစ်လို့ မပြုလုပ်နိုင်ခဲ့တာလို့ SAC ဥက္ကဋ္ဌက ပြောလာပါတယ်။
မြန်မာနိုင်ငံမှာ ဖဆပလခေတ်က ရွေးကောက်ပွဲလုပ်ရာမှာ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပုဒ်မ ၂၃၃ က “ဤအခြေခံဥပဒေအရ ကျင်းပသော ပထမအမတ် ရွေးကောက်ပွဲကို ဤအခြေခံဥပဒေ အာဏာတည်သည့်နေ့မှစ၍ ၁၈ လအတွင်း ကျင်းပရမည်”လို့ ဖော်ပြပါရှိပေမဲ့ လွတ်လပ်ရေးနဲ့အတူ ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းစစ်ကြောင့် ပထမအကြိမ် ပါလီမန် အထွေထွေရွေးကောက်ပွဲကို ၁၉၅၁ ခုနှစ် ဇွန်လ ၁၂၊ ၁၃ ရက်နေ့ကနေ ၁၉၅၂ ခုနှစ် ဖေဖော်ဝါရီလအထိ အသုတ်လိုက်ခွဲ ကျင်းပခဲ့ရသလို ၂၀၁၀ ဒီမိုကရေစီခေတ်အပြောင်းအလဲ ရွေးကောက်ပွဲတွေကစ ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲအထိ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နေရာတွေရှိခဲ့ အပိုင်းလိုက်ကျင်းပခဲ့တာထုံးစံဖြစ်လို့ လက်ရှိအခြေအနေအရ အကြားအလပ်မရှိရွေးကောက်ပွဲထက် ဖဆပလခေတ် ပြည်တွင်းစစ်ကြားက ရွေးကောက်ပွဲထုံး နှလုံးမူပြီး အပိုင်းလိုက်လုပ်တာ အမှန်ဆုံးပါ။ ၂၀၁၀ ရွေးကောက်ပွဲမှာ ၃၂၅ မြို့နယ်၊ ၂၀၁၅ ရွေးကောက်ပွဲမှာ ၃၂၃ မြို့နယ်နဲ့ ပယ်ဖျက်ခံ ၂၀၂၀ ရွေးကောက်ပွဲမှာ ၃၁၅ မြို့နယ်တို့ကို ရွေးကောက်ပွဲကျင်းပခဲ့တာ တွေ့ရပြီး ရွေးကောက်ပွဲအခြေအနေတွေအရ ရွေးကောက်ပွဲကျင်းပနိုင်တဲ့မြို့နယ် တစ်ကြိမ်ထက်တစ်ကြိမ် လျော့နည်းကျဆင်းလာတာ တွေ့ရပါတယ်။ ဒီ ၂၀၂၅ ရွေးကောက်ပွဲကတော့ အရင်ကာလတွေတုန်းက ဘယ်ရွေးကောက်ပွဲနဲ့မှ မတူဘဲ နိုင်ငံတကာဖိအား၊ LPDF၊ PDF နဲ့ EAOs လက်နက်ကိုင်အဖွဲ့ ၅၀၀ ကျော်၊ ၆၀၀ ကြားထဲက လုပ်ဆောင်ရမှာဖြစ်သလို မြို့နယ် ၉၀ လောက်ကလည်း လက်နက်ကိုင်တွေ အသိမ်းခံထားရပြီး အုပ်ချုပ်မှု၊ နယ်မြေစိုးမိုးမှု ပျက်ပြားနေပြန်ပါသေးတယ်။ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာတော့ မြို့နယ်ဘယ်နှစ်ခုလုပ်နိုင်မှ အထွေထွေရွေးကောက်ပွဲအောင်မြင်ပြီး အမတ်အရေအတွက် ဘယ်လောက်တက်မှ နိုင်ငံတော်အဆင့်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေ အထမြောက်မယ်လို့ ပြောမထားတာကို တွေ့ရပါတယ်။ အရင်ကျင်းပခဲ့တဲ့ ၂၀၁၀၊ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေဟာ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၃၀၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၁၆၈ နယ်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၆၀ နယ်နဲ့တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသားလူမျိုးမဲဆန္ဒနယ် ၂၉ ခုပတ်လည်တွေမှာ ကျင်းပခဲ့တာ တွေ့ရပါတယ်။ ဒီတော့ လက်ရှိအချိန်မှာ လွှတ်တော်အားလုံး သိက္ခာရှိရှိ စတင်ဖို့ဆိုရင် ရွေးကောက်ပွဲမသမာမှုမရှိဖို့နဲ့ လွတ်လပ်မျှတဖို့အပြင် အနည်းဆုံး မြို့နယ် ၂၅၀ နဲ့ ၃၀၀ ကြား ရွေးကောက်ပွဲလုပ်နိုင်ဖို့ လိုအပ်မှာဖြစ်ပြီး ဒီလိုလုပ်နိုင်မှပဲ ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းနဲ့ပြည်နယ်လွှတ်တော်တွေဟာ သိက္ခာရှိရှိ စနိုင်မယ့် သဘောမှာရှိပါတယ်။ လက်နက်ကိုင်တွေ နယ်မြေထိမ်းထားတဲ့ မြို့နယ် ၉၀ ခန့်ဟာ ၄၈ မြို့နယ်နီးပါးဖြစ်လို့ မြို့နယ် ၃၀၀ လောက် ရွေးကောက်ပွဲလုပ်မယ်ဆိုရင် မြို့နယ် ၂၀ လောက် နယ်မြေရှင်းရမယ့်သဘောကိုလည်းတွေ့ရပြီး အနည်းဆုံးတော့ ရခိုင်မှာ ငါးမြို့အထက် ပြန်သိမ်းနိုင်ဖို့လည်း ကြိုးပမ်းရမဲ့သဘောပါ။ ဒါပေမဲ့လည်း ဘယ်လိုအခြေအနေမျိုးနဲ့ ဘယ်နှစ်မြို့နယ်ပဲ ရွေးကောက်ပွဲလုပ်နိုင်လုပ်နိုင် အဆုံးသတ်မှာတော့ ၂၀၂၆ ခုနှစ် ဇန်နဝါရီမှာ ရွေးကောက်ပွဲတွေ အပြီးသတ်၊ ဖေဖော်ဝါရီ မတ်လအတွင်းမှာ လွှတ်တော်စပြီး အစိုးရဖွဲ့၊ ၂၀၂၆ ခုနှစ် ဧပြီမှာ တက်လာတဲ့ အစိုးရသစ်ကို အာဏာလွှဲပြောင်းပြီး Legitmacy ရှိတဲ့ ပြည်သူတွေ ပါဝင်ရွေးကောက်တဲ့ De jure အစိုးရတစ်ရပ် ပေါ်ထွက်လာဖို့ အဓိကအကျဆုံးပါ။ De jure အစိုးရတက်လာတာနဲ့ ဒီအစိုးရနဲ့ လွှတ်တော်က ခြေဥနဲ့ အညီ လွှတ်တော်မှာ ဆွေးနွေးဖို့ ဖိတ်ခေါ်တာ၊ တိုက်တွန်းတာ၊ ငြိမ်းချမ်းရေးရအောင် လုပ်တာ၊ ခြေဥပြင်တာတွေကို လုပ်ကြမှာဖြစ်ပြီး နယ်မြေသိမ်းနိုင်တယ်ခေါင်းစဉ်နဲ့ ခွဲထွက်ချင်တဲ့ လက်နက်ကိုင်တွေကိုတော့ ချေမှုန်းဖို့ ခိုင်းစေတာမျိုးတွေ စနစ်တကျလုပ်ဆောင်ပါလိမ့်မယ်။ ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရတစ်ရပ်ကို အာခံတဲ့ လက်နက်ကိုင်ဟာ သူပုန်၊ အကြမ်းဖက်သာဖြစ်လို့ အဲဒီလိုအချိန်မှာ ခွဲထွက်ချင်တဲ့ လက်နက်ကိုင်ကို အမြစ်ဖြုတ်ရတာ ပိုလွယ်မယ်ဆိုတာကို NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေလည်း သဘောပေါက်ထားတာမို့လို့ ဘယ်လိုအခြေအနေနဲ့ပဲ ဖြစ်ဖြစ် ရွေးကောက်ပွဲဖြစ်ပြီဆိုတာနဲ့ နိုင်ငံနဲ့ပြည်သူ သက်သာဖို့ ထွက်ပေါက်ရမှာဖြစ်လို့ ဒီကာလမှာပြည်သူတစ်ရပ်လုံးရဲ့ အရေးအကြီးဆုံးတာဝန်က ရွေးကောက်ပွဲအောင်မြင်အောင် ပံ့ပိုးပေးဖို့ဖြစ်ပြီး ရွေးကောက်ပွဲမလိုချင်လို့ လက်နက်ကိုင်အားပေးနေဦးမယ်ဆိုလည်း အခုထက် ပိုဆိုးတဲ့ စစ်ပွဲတွေမှာ ဘ၀တွေ အသက်တွေ ထပ်မပျောက်အောင်သာ ကြိုးစားနေပါတော့လို့ ပြောရင်း ဒီတစ်ပတ်ရဲ့ နိုင်ငံရေးသုံးသပ်ချက် ရပ်နားပါရစေ…..။