



၂၇.၃.၂၀၂၅
Written by Nyein Kyaw
အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်း တပ်မတော်အနေဖြင့် အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိသောကြောင့် တပ်မတော်သားများ အသက်ကို ပဓာနမထားဘဲ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပြောကြားသည်။
အထူးသဖြင့် လက်နက်ကိုင်အကြမ်းဖက်လမ်းစဉ် ကျင့်သုံးနေသည့် အကြမ်းဖက်သောင်းကျန်းသူများသည် ထာဝရငြိမ်းချမ်းရေးရရှိပြီး ပြည်ထောင်စုနှင့်အတူ ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအပေါ်တွင် ပါဝင်လျှောက်လှမ်းရေးထက် နယ်မြေအလိုက် နယ်တစ်နယ် ဓားတစ်စင်း စစ်ဘုရင်ဝါဒကိုသာ ကျင့်သုံးလိုချင်ခြင်းကြောင့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ထိခိုက်လာနိုင်သည့် အခြေအနေများ ဖြစ်ပေါ်ခဲ့ရကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။




နယ်မြေဒေသအလိုက် အာဏာရရှိရန် ကြိုးစားနေကြသည့် အကြမ်းဖက်သောင်းကျန်းသူများ၏ တိုက်ပွဲဖော်ဆောင်လာမှုများသည် အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်ပစ္စည်းဥစ္စာများနှင့် မြို့ရွာများ ပျက်စီးဆုံးရှုံးခဲ့ရသည့်အတွက် ပြည်သူအားလုံးက အလွန်ရွံရှာစက်ဆုပ် မုန်းတီးနေကြပြီဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့ကြောင့် အပြစ်မဲ့ပြည်သူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်နေမှုများကို လက်မခံနိုင်သလို ဒို့တာဝန်အရေးသုံးပါးကို ထိပါးလာသည့် လက်နက်ကိုင် အကြမ်းဖက်လမ်းစဉ်များကိုလည်း လုံးဝလက်သင့်ခံ၍မရသည့်အတွက် တပ်မတော်အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံး၏ ပူးပေါင်း ပါဝင်မှုနှင့်အတူ တရားသောစစ်ကို ဆက်လက်ဆင်နွှဲသွားမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
မြန်မာ့သမိုင်းတွင် အကြမ်းဖက်လမ်းစဉ်ကျင့်သုံးပြီး အကျပ်ကိုင်တောင်းဆိုခဲ့သည့် ဖြစ်စဉ်တိုင်း တပ်မတော်အနေဖြင့် အလျှော့ပေးလက်ခံခဲ့သည့် အစဉ်အလာမရှိသော ကြောင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ရန် ဒို့တာဝန်အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက်ရန်အတွက် ရဲဘော်တို့အနေဖြင့် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားသည့် စိတ်ဓာတ်နှင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် အလေးထားမှာကြားလိုကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရာမှာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှုများရရှိရန်လိုအပ်ခြင်းကြောင့် ပြည်သူတစ်ဦးချင်းစီနှင့် သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများ ပူးပေါင်းပြီး လုံခြုံရေးအသိရှိရှိဆောင်ရွက်နိုင်ရန် ပြည်သူ့လုံခြုံရေးစနစ်ကို ဖော်ဆောင်လျက်ရှိကြာင်း၊ ယင်းသို့ ဖော်ဆောင်ရာမှာ ပြည်သူလူထု၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများနှင့် လုံခြုံရေးတာဝန်ရှိသူအားလုံးက ညီညီညွတ်ညွတ်၊ စည်းစည်းလုံးလုံးနှင့် အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြာသည်။