




၂၇.၃.၂၀၂၅
Written by Nyein Kyaw
ယနေ့ ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော် စစ်ရေးပြကွင်း၌ ကျင်းပပြုလုပ်ခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC)ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် တက်ရောက်ခဲ့သည်။
SAC ဥက္ကဋ္ဌသည် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပသည့် စစ်ရေးပြကွင်းသို့ရောက်ရှိပြီး အလေးပြုခံစင်မြင့်၌ နေရာယူရာ စစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အလေးပြုကြသည်။ ထို့နောက် SAC ဥက္ကဋ္ဌက စစ်ရေးပြစစ်ကြောင်းကြီးများအား လိုက်လံစစ်ဆေးခဲ့သည်။
SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ စစ်ရေးပြစစ်ကြောင်းကြီးများမှ တပ်မတော်သားများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုကြပြီး သစ္စာလေးချက်ကို သံပြိုင်ရွတ်ဆိုကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌအား စစ်ရေးပြမှူးကြီး ဗိုလ်ချုပ် ရဲကျော်သူ ဦးဆောင်သော စစ်ကြောင်းကြီးများမှ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များက အစီအစဉ်အတိုင်း စစ်ကြောင်းပုံဖြင့် ညီညာစွာ ချီတက်အလေးပြုကြပြီး စစ်ရေးပြကွင်းကြီးအတွင်းမှ ပြန်လည် ထွက်ခွာကြသည်။
ထိုသို့ ချီတက်အလေးပြုချိန်တွင် တပ်မတော်(လေ)မှ MiG-29 ဘက်စုံသုံး တိုက်လေယာဉ် ၁ စီးက ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ လည်းကောင်း၊ MTX – 1 A လေယာဉ် တစ်စီးနှင့် PT-6 လေယာဉ် ၂ စီး တို့က ရှုရပ်၏ရှေ့တည့်တည့်သို့ -Trail Formation ပုံစံဖြင့်လည်းကောင်း၊ H-125 ရဟတ်ယာဉ် ၂ စီးက Trail Formation ပုံစံဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၁ စီးက ရှုရပ်၏လက်ဝဲ ဘက်မှ လက်ယာဘက်သို့ ပျံသန်း၍ လည်းကောင်း၊ Eurocopter ၂ စီးက Echelon Formation ပုံစံ ဖြင့်လည်းကောင်း၊ Bell-206 ရဟတ်ယာဉ် ၁ စီးက ရှုရပ်၏ ရှေ့တည့်တည့်မှ ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ Eurocopter ၂ စီးက Echelon Formation ပုံစံဖြင့် ဒုတိယအကြိမ် ပျံသန်း၍လည်းကောင်း၊ BEECH 1900D အမျိုး အစား သယ်ယူပို့ဆောင်ရေးလေယာဉ် ၁ စီးက ရှုရပ်၏ အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း ပျံသန်း၍လည်းကောင်း၊ ATR 72 သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စီးက ရှုရပ်၏ ရှေ့တည့်တည့် တောင်မှမြောက်သို့ ပျံသန်း၍လည်း ကောင်း၊ K-8 W တိုက်ခိုက်ရေးလေယာဉ် ၂ စီးက ရှုရပ်၏အရှေ့ညာ ၄၅ ဒီဂရီ မြင်ကွင်းမှ ၀၂၅ ဒီဂရီလမ်းကြောင်းအတိုင်း Echelon Formation ပုံစံဖြင့်လည်းကောင်း၊ Su-30 SME စတုတ္ထမျိုးဆက်လွန်ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် ၂ စီးက Echelon Formation ပုံစံဖြင့် ၂ ကြိမ်ပျံသန်း၍ ရှုရပ် ရှေ့တည့်တည့်မှ မီးကျည်များထုတ်လွှတ်၍ လည်းကောင်း အသီးသီးသရုပ်ပြပျံသန်းကြပြီး SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုကြသည်။
ယင်းနောက် SAC ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် သည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများအား ရင်းရင်းနှီးနှီး နှုတ်ဆက် ခဲ့ကာ စစ်ရေးပြကွင်းကြီးမှ ပြန်လည်ထွက်ခွာခဲ့ပြီး ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။