၂၀. ၁. ၂၀၁၃
Transated by Htwe Ko Tun
အနောက်အုပ်စု ကာကွယ်ရေးဆိုင်ရာခေါင်းဆောင်များ၏ အဓိကအစည်းအဝေးတစ်ရပ်ကို ဇန်နဝါရီ ၂၀ ရက်တွင် ဂျာမနီနိုင်ငံ၌ မကျင်းပမီမှာပင် အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းသို့ နေတိုးအုပ်စုနိုင်ငံများက တင့်ကားများ ပေးပို့ရေးတွင် ဂျာမနီအစိုးရနှင့် လိပ်ခဲတည်းလည်းအခြေအနေ ဖြစ်နေရသည်။
လွန်ခဲ့သည့်ရက်များအတွင်း ဂျာမနီအစိုးရတာဝန်ရှိသူများက အမေရိကန်အနေဖြင့် ၎င်း၏ M1 Abrams တင့်ကားများကို ယူကရိန်းသို့ ပေးပို့ရန်သဘောတူညီခဲ့ခြင်း မရှိပါက ဂျာမနီအစိုးရအနေဖြင့်လည်း ဂျာမနီထုတ် Leopard တင့်ကားများကို ယူကရိန်းသို့လည်းကောင်း (သိုမဟုတ်)အခြားမည်သည့်နိုင်ငံကိုမျှ ပေးပို့ရန်ခွင့်ပြုမည်မဟုတ်ကြောင်း ရည်ညွန်းပြောကြားခဲ့ကြသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် M1 Abrams တင့်ကားများကို ထောက်ပံ့ပို့ဆောင်ရေးကုန်ကျစရိတ်များ ပြုလုပ်ရန် ရည်ရွယ်ထားခြင်းမရှိဟု လအတန်ကြာပြောကြားလာမှုကို ရည်ညွှန်း၍ ပြောကြားခဲ့ကြခြင်းလည်းဖြစ်သည်။
အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ယူကရိန်းတို့အနေဖြင့် အကူအညီမဲ့နေကြကြောင်း၊ ဂျာမနီက ယူကရိန်းသို့ တင့်ကားများပို့ပေးရန် အမေရိကန်အစိုးရ၏ တောင်းဆိုချက်ကို စဉ်းစားသည်ဆိုရုံမျှမဟုတ်ဘဲ ပေးပို့စေလိုကြောင်း ဇန်နဝါရီ ၁၉ ရက်က ပြောခဲ့သည်။
မိုင် ၂၀၀ အကွာအဝေးရှိပစ်မှတ်များအထိ ပစ်ခတ်နိုင်သော တာဝေးပစ်ဒုံးပျံများအပါအဝင် ခေတ်မီလက်နက်များ ယူကရိန်းသို့ တိုးတက်ပေးပို့ရန်အတွက် အမေရိကန်နှင့် ၎င်း၏ မဟာမိတ်ဥရောပနိုင်ငံများ ချီတုံချတုံ ငြင်းခုံနေကြစဉ်မှာပင် ဤကဲ့သို့ တင့်ကားများပေးပို့ရေးတွင်လည်း အမေရိကန်နှင့် ဂျာမနီကြား လိပ်ခဲတည်းလည်းဖြစ်လာနေရခြင်းဖြစ်သည်။
ဗြိတိန်၊ ပိုလန်၊ ဖင်လန်နှင့် ဘောလ်တစ်ဒေသနိုင်ငံများက စစ်ပွဲအနေဖြင့် အဓိကအရေးကြီးသည့်အခြေအနေသို့ရောက်ရှိနေပြီဟု ယုံကြည်ကြသည့်အားလျော်စွာ နေတိုးအုပ်စုဝင်နိုင်ငံများအနေနှင့် ယူကရိန်းသို့ အကြီးစားစစ်လက်နက်ကိရိယာများပေးပို့ကြရန် တိုက်တွန်းမှုများပြုလုပ်နေကြသည်။ ယူကရိန်းနှင့် ရုရှား နှစ်ဖက်စလုံးက ထိုးစစ်အသစ်များအတွက်အရှိန်မြှင့်ရန် အရိပ်လက္ခဏာများပြသနေကြပြီး ရုရှားကဆိုလျှင် တပ်ဖွဲ့များရွှေ့ပြောင်းမှုပြုလုပ်လာသည့် အခြေအနေများကိုတွေ့ရသည်။
လွန်ခဲ့သည့်ရက်သတ္တပတ်အတွင်းက ဗြိတိန်အစိုးရက ယူကရိန်းသို့ ၎င်း၏ Challenger တင့်ကား ၁၄ စီးပေးပို့မည်ဟုကြေညာစဉ်မှာပင် အနောက်အုပ်စုမဟာမိတ်များကိုလည်း ယူကရိန်းသို့ တင့်ကားများပေးပို့ရန် ဖိအားပေးတိုက်တွန်းခဲ့သည်။ သို့သော် ဂျာမနီနှင့် အမေရိကန်တို့ကမူ ၎င်းတို့နိုင်ငံများ၏ တင့်ကားများပေးပို့ရေးကို ဇန်နဝါရီ ၁၈ ရက်အထိ တရားဝင်ဆန့်ကျင်နေကြဆဲဖြစ်သည်။
Ref—CNN