
၂၇. ၃. ၂၀၂၅
Written by Phyo Wei
လက်ရှိဘဏ္ဍာနှစ်ကုန်ဆုံးချိန်မှာ စွမ်းအင်၊ သတ္တုတွင်းထွက်ပစ္စည်းနဲ့ လျှပ်စစ်ကဏ္ဍတွေကအပ ကျန်ကဏ္ဍတွေမှာ တိုးတက်မှုရှိမှာဖြစ်တယ်လို့ SAC ဒုတိယဥက္ကဋ္ဌ ပြောကြားလာတဲ့ ဒီတစ်ပတ်မှာပဲ ဈေးနှုန်းကျဆင်းနေတဲ့ ဧည့်မထအုပ်စု စပါးတွေကို ကျပ်ဘီလျံ ၁၄၀ သုံးစွဲကာ လာမယ့် ဧပြီနဲ့ မေလတို့မှာ ဝယ်ယူပေးသွားမယ်လို့ ဆန်စပါးအသင်းချုပ်ပြောလာတဲ့ ဖြစ်စဉ်တွေ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးမှုအပြီးမှာ မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကာလကို ၂၀၂၆ ခုနှစ် မတ်လကုန်အထိ အိန္ဒိယက သက်တမ်းထပ်မံတိုးမြှင့်ပေးလာတာတွေကို တွေ့ခဲ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း KIA တရားမဝင်တူးဖော်ခွင့်ပေးထားတဲ့ ကျောက်မျက်လုပ်ကွက်တွေရှိရာ ဖားကန့်၊ နမ့်မှော်ရွာမှာ နွံကန်ပေါက်ကျလို့ ပြည်သူတွေ ဒုက္ခရောက်ခဲ့ရတဲ့ဖြစ်စဉ်တွေနဲ့ ၂၀၂၄ ခုနှစ်မှာ အထည်ချုပ်တင်ပို့မှုက ဒေါ်လာ ၄ ဘီလျံခွဲခန့်သာရှိခဲ့ပြီး မနှစ်ကထက် ဒေါ်လာသန်း ၅၇၀ လျော့ကျခဲ့တယ်ဆိုတာ၊ ဗဟိုဘဏ်ကနေ အခု မတ်လအတွင်း ဒေါ်လာ ၁၂၄ သန်း ထုတ်ရောင်းပေးခဲ့တာ၊ စက်မှုဝန်ကြီးဌာနလက်အောက်က သရက်ဘိလပ်မြေစက်ရုံနဲ့ ကျောက်ဆည်မီးခံအုတ်စက်ရုံကို PPP ဆောင်ရွက်ဖို့ လုပ်ဆောင်နေတာ၊ ဘဏ်တွေက မြန်မာကျပ်ငွေနဲ့ ထားရှိရမယ့် အနည်းဆုံးသီးသန့်ငွေ လိုအပ်ချက်ထက် ကျော်လွန်တဲ့ ပျမ်းမျှပိုလျှံသီးသန့်ငွေအပေါ် ပေးတဲ့အတိုးနှုန်းကို ၆ ရာခိုင်နှုန်းအထိ ဗဟိုဘဏ် တိုးမြှင့်သတ်မှတ်လိုက်တာတွေအပြင် မြန်မာနိုင်ငံရဲ့ GDP က ဒေါ်လာဘီလျံ ၆၀ ကနေ ၇၀ ကြားပဲရှိသေးလို့ လာမယ့်နှစ်မှာ ဒေါ်လာ ၈၁ ဘီလျံအထိ မျှော်မှန်းဆောင်ရွက်နေပေမဲ့လည်း အိမ်နီးချင်းနိုင်ငံတွေထက် များစွာနည်းနေသေးတယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလိုက်တဲ့ ဖြစ်စဉ်တွေနဲ့ MAI က မော်စကို- ရန်ကုန် တိုက်ရိုက်လေကြောင်းခရီးစဉ်ကို လာမယ့် အောက်တိုဘာမှာ စတင်ပြေးဆွဲမယ်ဆိုတဲ့ ဖြစ်စဉ်တွေ ရှိပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ်တော့ သမင်မွေးရင်းကျားစားရင်းဖြစ်နေရတဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွေအကြောင်း၊ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ ဖိအားပေးတာက ဘယ်လိုမှ အောင်မြင်နိုင်မှာမဟုတ်ဘူးလို့ SAC ဥက္ကဋ္ဌ ပြောကြားလိုက်တဲ့အကြောင်းနဲ့ လက်ရှိပထဝီနိုင်ငံရေးအရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနဲ့ အခြားစွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု ဆောင်ရွက်ထားရမယ်လို့ SAC ဥက္ကဋ္ဌ ပြောကြားလိုက်တဲ့အကြောင်းတွေကို သုံးသပ်တင်ပြချင်ပါတယ်။
သမင်မွေးရင်း ကျားစားရင်းဖြစ်နေရတဲ့ စီးပွားရေးတိုးတက်မှု
နိုင်ငံတော်အနေနဲ့ ဖွံဖြိုးတိုးတက်ရေးနဲ့ စီးပွားရေးအားကောင်းစေဖို့ တွန်းအားပေး ဆောင်ရွက်နေပေမဲ့လည်း အဖျက်အမှောင့်လုပ်ငန်းတွေကြောင့် နိုင်ငံတော်ရဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အခြေခံအဆောက်အအုံတွေဖြစ်တဲ့ လမ်း၊ တံတား၊ တာဝါတိုင်တွေ၊ လျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ၊ ကျောင်း၊ ဆေးရုံ စတာတွေ ပျက်စီးဆုံးရှုံးနေရတာကြောင့် သမင်မွေးရင်း ကျားစားရင်းဆိုသလို နိုင်ငံတော်ဖွံဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတွေ နောက်ကျကျန်ခဲ့တယ်လို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အမျိုးသားစီမံကိန်းကော်မရှင် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဒါကြောင့် လာမယ့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာလည်း ဆောင်ရွက်ဆဲ ဆည်တမံနဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းတွေ၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေ တိုးတက်စေဖို့ လိုအပ်တဲ့ မျိုး၊ မြေဩဇာ၊ စက်ကိရိယာတွေ၊ စိုက်ပျိုးရေရရှိဖို့ ဆိုလာရေတင် လုပ်ငန်းတွေကို ဦးစားပေးလျာထား ခွင့်ပြုပေးသွားမယ်လို ပြောကြားခဲ့ပါတယ်။
မဲမသမာမှုကြောင့် NLD ပါတီကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ အစိုးရအထက်ကနေမယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ရော၊ သမ္မတဟောင်း ဦးဝင်းမြင့်တို့ကပါ ဒီနေ့အထိ မဲမသမာမှုမပြုခဲ့ကြောင်း တရားဝင် ငြင်းဆိုမှုမရှိခဲ့ကြပေမဲ့ ဒီဖြစ်ရပ်ကို ဆန့်ကျင်ဖို့ ဖွဲ့စည်းလာတဲ့ CRPH၊ NUG၊ PDF နဲ့ EAO တွေက တပ်မတော်အာဏာထိန်းသိမ်းမှုကို မအောင်မမြင်ပျက်ပြားစေဖို့ အလုံးစုံပျက်သုဉ်းရေးနဲ့ လက်နက်ဆွဲကိုင်ရေးကို တစိုက်မတ်မတ်လုပ်ခဲ့မှု လေးနှစ်အကြာမှာ မြန်မာနိုင်ငံဟာ ကျရှုံးနိုင်ငံ Failed State အဖြစ်ဆီ ရောက်ရှိလာသလို နိုင်ငံနဲ့ ပြည်သူပိုင် ဆက်သွယ်ရေး/လျှပ်စစ် တာဝါတိုင် ၁၀၀၀ ဝန်းကျင်၊ ကျန်းမာရေးအဆောက်အဦ ၁၀၀ ဝန်းကျင်၊ ဘာသာရေးအဆောက်အဦ ၁၀၀ ဝန်းကျင်၊ လမ်းတံတား/ တိုးဂိတ်အဆောက်အဦ ၂၀၀၀ ဝန်းကျင်၊ စာသင်ကျောင်း/ ပညာရေး အဆောက်အဦ ၁၀၀၀ ဝန်းကျင်အပြင် နိုင်ငံပိုင်ရုံးတွေ၊ လူနေအိမ်တွေ အခြားအဆောက်အဦများစွာ ဖျက်ဆီးခံခဲ့ရတာပါ။ ဒီလိုမျိုး နိုင်ငံပိုင် လမ်း၊ တံတား၊ အဆောက်အုံတွေကို အစိုးရတစ်ရပ်မကျေနပ်တာကြောင့် ဖျက်ဆီးမှုနောက်မှာ ပြန်လည်တည်ဆောက်တာက အစိုးရတာဝန်ယူထားသူတွေရဲ့ ငွေကြေးတွေနဲ့ မဟုတ်ဘဲ ပြည်သူတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတွေနဲ့ပဲဖြစ်ပါတယ်။ ဒီလိုမျိုး ဖျက်ဆီးခြင်းရဲ့ ဆိုးကျိုးသက်ရောက်မှုထဲက အဆိုးဆုံးသက်ရောက်မှုဆိုရင်လည်း ကုန်စျေးနှုန်းနဲ့ လျှပ်စစ်ကဏ္ဍကိုပဲ ပြရမှာဖြစ်ပါတယ်။ လက်ရှိကုန်စျေးနှုန်းဟာ လက်နက်ကိုင်တွေရဲ့ ဆက်ကြေးအဆင့်ဆင့်နဲ့ စျေးကစားဆွဲတင်ထားတာကြောင့် တစ်လ ၂၅၀၀၀၀ အောက်ပဲဝင်ငွေရတဲ့ နိုင်ငံ့ဝန်ထမ်းတွေ၊ သာမန်လခစားလူတန်းစားတွေဟာ မသေရုံတမယ်စားနေရတဲ့ အဆင့်အထိ ကျပ်တည်းနေသလို လျှပ်စစ်ကဏ္ဍဆိုရင်လည်း PDF ဖျက်ဆီးမှုအောက်မှာ မဂ္ဂါဝပ် ၁၀၀၀ ကျော် ဆုံးရှုံးထားရလို့ အခုလိုပူပြင်းခြောက်သွေ့ပြီး လျှပ်စစ်လိုအပ်မှုများပြားတဲ့ကာလမှာ ပြည်သူတွေဟာ ၄ နာရီမီးလာ၊ ၈ နာရီမီးပျက်နဲ့ အခက်ကြုံနေရပြန်ပါတယ်။ ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေဟာ အစိုးရတစ်ရပ်မကျေနပ်တာနဲ့ အလုံးစုံပျက်သုဉ်းရေးဆိုပြီး နိုင်ငံရေးကို လက်နက်အားကိုးနဲ့ အဆင်ခြင်မဲ့ဖြေရှင်းမှုရဲ့ ဘေးထွက်ဆိုးကျိုးပါ။ မြန်မာနိုင်ငံရဲ့ ဘတ်ဂျက်အသုံးက နှစ်စဉ်ဘီလျံ ၄၀၀၀၀ လောက်ရှိပြီး ဒီအထဲက ၇၅ ရာခိုင်နှုန်းလောက်က အခြေခံအဆောက်အအုံနဲ့ စစ်ရေးစရိတ်ဖြစ်နေရသလို ဒီလိုမျိုးသုံးနေပေမဲ့လည်း အလုံးစုံဝိုင်းဖျက်နေတော့ ဒီဖျက်ဆီးမှုတွေတားနိုင်ဖို့ ကာကွယ်ရေးစရိတ်ကို အားပြုသုံးလာရတာ၊ သုံးနေတဲ့ကြားက အခြေခံအဆောက်အအုံတွေ ဆက်တိုက် ဖျက်ဆီးနေကြပြန်တော့ ဘယ်လောက်သုံးသုံးအရာမထင်တာဟာ နိုင်ငံနဲ့ ပြည်သူပဲ နစ်နာပြီးရင်း နစ်နာနေတာ ပေါ်လွင်နေလို့ ဒီဖျက်ဆီးမှုတွေ ရပ်တန့်မှပဲ ပြည်သူ့ငွေ ဘတ်ဂျက်က သုံးစွဲတဲ့ နိုင်ငံနဲ့ ပြည်သူအဖို့ အဓိကလိုအပ်တဲ့ ဖွံ့ဖြိုးတိုးတက်မှုနဲ့ စီးပွားရေးတိုးတက်မှု အနှစ်သာရကို ပြည်သူစံစားရမှာဖြစ်ပြီး အလုံးစုံပျက်သုဉ်းရေးကိုဆက်ပြီး လက်ခံနေသရွေ့တော့ အခုထက်ဆိုးတဲ့ ဘ၀တွေပဲ ဆက်လက် ပိုင်ဆိုင်ကြရမယ့် အခြေအနေလို့ပဲ ပြောရတော့မှာပါ။
ဘယ်လိုပဲ ပိတ်ဆို့ပိတ်ဆို့ အောင်မြင်မှာမဟုတ်တဲ့ ဆန်ရှင်
မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှု (Sanction) ပြုလုပ် ဖိအားပေးတာက ဘယ်လိုမှ အောင်မြင်နိုင်မှာ မဟုတ်ကြောင်းနဲ့ စီးပွားရေးပိတ်ဆို့မှုအပေါ် ကျော်လွှားနိုင်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “သူတို့ရဲ့ခက်ခဲမှု ကျော်လွှားဖို့အတွက် အုပ်စုတွေဖွဲ့လာရင် ပြိုင်ဘက်တွေဖြစ်လာလိမ့်မယ်။ ပြိုင်ဘက်တွေဖြစ်လာခဲ့ရင် ပိုဆိုးမှာဖြစ်တယ်။ ဒါက စီးပွားရေး ပိတ်ဆို့ပြီးတော့မှ ကျွန်တော်တို့ပေါ်မှာ ဖိအားပေးတာမျိုးကတော့ ဘယ်လိုမှ မအောင်မြင်နိုင်ဘူး။ အခုလည်း ကျွန်တော်တို့ပေါ်မှာ Sanction လုပ်ထားတာ ကျွန်တော်တို့ ကိုယ်နည်းကိုယ့်ဟန်နဲ့ ကျော်လွှားနေကြတာပေါ့။ ဖြေရှင်းလို့ရနေတာ။ အခက်အခဲတော့ရှိတာအမှန်ပါ။ သို့သော်လည်းပဲ ဖြေရှင်းလို့ရတယ်”လို့ ပြောခဲ့ပါတယ်။
အခုဆိုရင် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ စီးပွားရေးပိတ်ဆို့မှုကို ရင်ဆိုင်နေရတဲ့ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေဟာ BRICS နဲ့ ကျော်ဖြတ်ဖို့ လုပ်ဆောင်နေသလို ရုရှား-ဘီလာရုစ်-မြန်မာ စသလို ပိတ်ဆို့ခံနိုင်ငံအချင်းချင်းအကြား မဟာမိတ်အသွင် ဆက်သွားနေတာကိုလည်း အထင်အလင်းမြင်နေရပါသေးတယ်။ ဒါ့အပြင် ဒီလို ဆန်ရှင်ကို နှစ်ပေါင်းများစွာကြုံဖူးတဲ့ မြန်မာနိုင်ငံဟာ ဆန်ရှင်ထပ်ပိတ်ဆို့ရင်လည်း အစိုးရတာဝန်ယူထားသူတွေက ခက်ခဲပေမဲ့ ရတဲ့နည်းနဲ့ ကျော်ဖြတ်နေချိန်မှာ ဒီဆန်ရှင်ရဲ့ ဆိုးကျိုးကို တကယ်ခံစားရတာပြည်သူပါ။ အခုဆိုရင် ဒီဆန်ရှင်ကြောင့် အထည်ချုပ်တင်ပို့မှု ဒေါ်လာသန်း ၅၀၀ ကျော် လျော့ကျခဲ့တာ တွေ့ရသလို စက်သုံးဆီလို ဖိအားပေးခံရတဲ့ ကဏ္ဍမျိုးတွေဟာလည်း စျေးနှုန်းမြင့်တက် ပြတ်လပ်မှုတွေပဲ ကြုံနေရတာပါ။ ပိုဆိုးလာနိုင်တာက Article 33 လို့ ခေါ်ဆိုတဲ့ မြန်မာနိုင်ငံကို အလုံးစုံ ပိတ်ဆို့ရေးအဆို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်(ILO)ထံ တင်သွင်းခဲ့ရာမှာ တပ်မတော်ကို ပံ့ပိုးနေတဲ့အကူအညီအားလုံးကို ရပ်ဆိုင်းဖို့ လုပ်လာတာနဲ့ ဇွန်လမှာ အရေးယူဖို့ ဆုံးဖြတ်မဲ့အခြေအနေပါ။ ဒီအခြေအနေနဲ့ ဖိအားတွေကို တပ်မတော်ဘက်က နိုင်ငံရေးနည်းလမ်းဖြစ်တဲ့ ရွေးကောက်ပွဲကျင်းပမှုနဲ့ ဖြေရှင်းဖို့ ကြံဆောင်နေတာလည်း မြင်ရပေမဲ့ ရွေးကောက်ပွဲမတိုင်ခင် ခြောက်လအလို ဇွန်လမှာတင် ILO ရဲ့ အရေးယူမှုက စတင်မယ့် အသွင်လည်း မြင်နေရပြန်ပါတယ်။
အမေရိကန်၊ ILO နဲ့ နိုင်ငံတကာက ပိတ်ဆို့မှုတွေဟာ အစိုးရတွေ လုပ်ငန်းရှင်တွေကို မထိခိုက်ဘူးဆိုတာ မြန်မာနိုင်ငံမှာ ၂၀၀၃ ခုနှစ်ကာလ ပိတ်ဆို့မှုတွေက သက်သေပြခဲ့ပြီး အဲဒီအချိန်က ပိတ်ဆို့ခံရတဲ့ တပ်မတော်အစိုးရတာဝန်ရှိသူတွေ သူတို့မှီပြီး စီးပွားဖြစ်လာတဲ့ ခရိုနီတွေဟာ ဒီနေ့ခေတ်မှာ ပိုကြွယ်ဝလာပြီး နိုင်ငံတကာကို သွားလာနိုင်တဲ့အပြင် နာမည်ပျက်ကို ငွေကြေးနဲ့ အချိန်နဲ့ ဖုံးလိုက်နိုင်ကြပြီး အခုဆို ပြည်ပမှာပါ အခြေချ စီးပွားရေးပါ လုပ်ပြနေချိန် မြန်မာအောက်ခြေအလုပ်သမားထုကတော့ ပြည့်တန်ဆာဖြစ်ကြရ၊ ပြည်ပအလုပ်သမားအဖြစ် အသက်သွေးချွေးစတေးရ၊ ပြည်တွင်းက လုပ်ငန်းရှင်ငယ်တချို့ ပြိုလဲရနဲ့ပဲ ဆင်းရဲနွမ်းပါးပြည်သူတွေသာ အကြောင်းဆိုးခဲ့ရတာပါ။ လက်ရှိမှာလည်း ပိတ်ဆို့မှုတွေက အစိုးရဆိုသူတွေ၊ ခရိုနီတွေ၊ လုပ်ငန်းရှင်တွေကို ထိခိုက်တာထက် အလုပ်သမားသန်းချီကိုပဲ အကြီးအကျယ်ထိခိုက်နေတာသိသိနဲ့ အမေရိကန်၊ EU၊ ILO စတဲ့ နိုင်ငံတွေ အဖွဲ့အစည်းတွေဟာ ပိတ်ဆို့မှုဆက်လုပ်နေတာက အစိုးရတစ်ရပ်ကို တိုက်ခိုက်တာထက် ဘာမှမတုံ့ပြန်နိုင်တဲ့ သာမန်ပြည်သူသန်းနဲ့ချီ ဘဝမပျက်ပျက်အောင် တမင်ကြံရွယ်လုပ်ဆောင်နေတဲ့အသွင်လို့ပဲ ဆိုရမှာဖြစ်ပြီး အလုပ်သမားလူတန်းစားတွေအဖို့တော့ ပိုပိုဆိုးလာမယ့် ဖိအားတွေအောက်မှာ မသေရုံတမယ် ရင်ဆိုင်ရမယ့် အခြေအနေဆိုးကို ဆိုးပြီးရင်းဆိုးမှုနဲ့ ထပ်ကြုံရတော့မယ့်အခြေအနေလို့လည်း ပြောရတော့ပါမယ်။
ပထဝီနိုင်ငံရေးမြှုပ်နှံမှု
“အလေးအနက်စဉ်းစားရမယ့် အကြောင်းအရာတစ်ခုကတော့ စွမ်းအင်နှင့်အရင်းအမြစ် လုံခြုံရေးပဲဖြစ်ပါတယ်။ စွမ်းအင်၊ ရေနဲ့ ရှားပါးသတ္တုတွေကို ရယူသုံးစွဲမှုဟာ ရေရှည်ငြိမ်းချမ်းရေးအတွက် အလွန်အရေးကြီး လာပါတယ်။ ကျွန်တော်တို့ဟာ ပြန်လည်ဖြည့်ဖြိုးမြဲစွမ်းအင်၊ နျူကလီးယားနဲ့ အခြားစွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ထားရပါမယ်။ ပထဝီနိုင်ငံရေးကြောင့် ပြတ်တောက်မှုတွေဖြစ်ပေါ်လာမယ့် အန္တရာယ်တွေအတွက် ကြိုတင်ဆောင်ရွက်ရတဲ့အနေနဲ့ ရှားပါးသတ္တုတွေနဲ့ စားရေရိက္ခာဖူလုံရေးကိုလည်း လုံခြုံစိတ်ချစွာ စီမံဆောင်ရွက် ထိန်းသိမ်းသွားကြရမှာလည်းဖြစ်ပါတယ်” လို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “၂၀၂၅ အလွန် ဗဟုဝင်ရိုးကမ္ဘာတွင် မြန်မာနိုင်ငံကြုံတွေ့လာရမည့် စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများ” သုံးသပ်ဆွေးနွေးပွဲမှာ ပြောကြားလာပါတယ်။
ကမ္ဘာ့ဝင်ရိုးကမ္ဘာ၊ ဗဟုဝင်ရိုးကမ္ဘာလို့ သိကြတဲ့ ဝန်ရိုးစုံကမ္ဘာ (Multi Polar World) ဆိုတာ အရင်က ကမ္ဘာ့စင်မြင့်မှာ အင်အားကြီးနိုင်ငံတစ်နိုင်ငံတည်းက လွှမ်းမိုးကြီးစိုးခဲ့ရာက လက်ရှိအချိန်မှာ အခင်းအကျင်းပုံစံပြောင်းလဲလာသလို နိုင်ငံများစွာနဲ့ ဒေသဆိုင်ရာအဖွဲ့အစည်းတွေမှာ သိသာထင်ရှားတဲ့ စုစည်းမှုအင်အားတွေက ကမ္ဘာ့စင်မြင့်ထက် ပျံ့နှံ့ဖြာထွက် ဩဇာသက်ရောက်လာတဲ့ ကမ္ဘာ့အစီအစဉ်အသစ်ဖြစ်လို့ တရုတ်၊ အိန္ဒိယ၊ ဥရောပသမဂ္ဂနဲ့ ရုရှားနိုင်ငံတို့လို နိုင်ငံတွေနဲ့ နိုင်ငံ ပေါင်းစုအဖွဲ့အစည်းတွေ ဘက်ပေါင်းစုံ တိုးတက်အောင်မြင်လာကြရခြင်းကလည်း အရင်က အစဉ်အလာရှိတဲ့ အင်အားကြီးနိုင်ငံတွေရဲ့ ဩဇာလွှမ်းမိုးမှုကို စိန်ခေါ်လာပြီဖြစ်လို့ ကမ္ဘာကြီးက အရင်လို ဩဇာလွှမ်းမိုးမှု တစ်ဖက်စောင်းနင်းမဖြစ်တော့ဘဲ ပါဝါဟန်ချက်ကို ထိန်းညှိလာစေတာမို့ နိုင်ငံ တစ်နိုင်ငံတည်းက ကမ္ဘာလုံးဆိုင်ရာ ရလဒ်တစ်ခုကို သူတို့လိုချင်သလို ကိုယ်ပိုင်ဖန်တီးလို့ မရနိုင်တော့တဲ့ အခြေအနေလည်းဖြစ်လာပါတယ်။ အရင်တစ်ချိန်က အမေရိကန်နဲ့ သူ့နောက်လိုက်အဖွဲ့အစည်းတွေ လိုချင်သလို ကမ္ဘာကြီးကို ပြစ်တင်ပုံချခဲ့ရာက အခုဆိုရင် သမ္မတသစ်ဒေါ်နယ်ထရမ့်ပ် တစ်ကျော့ပြန်တက်လာမှုနဲ့အတူ ကမ္ဘာကြီးအပေါ် အမေရိကန်အစိုးရအဆက်ဆက် ယုတ်မာခဲ့တာ၊ ကူညီသလိုလိုနဲ့ သပ်လျှိုခဲ့တာ၊ မီဒီယာနဲ့ ဝါဒဖြန့်ချိဖိအားပေးပြီး လိုသလို ပုံဖော်တာတွေဟာ အကုန်လုံးရပ်ဆိုင်းသွားချိန်မှာ မြန်မာနိုင်ငံအဖို့က အိမ်နီးချင်းတရုတ်လို စူပါပါဝါနိုင်ငံတစ်ခုနဲ့ မှီတည်နေပြီး ရုရှားလိုအင်အားကြီးနိုင်ငံနဲ့ ချစ်ကြည်နေတဲ့အပြင် မြန်မာနိုင်ငံအပေါ် တခြားနိုင်ငံတွေလို တစ်ဖက်စွန်းရောက် ဖိအားမပေးတဲ့ အိန္ဒယလိုနိုင်ငံမျိုးတွေနဲ့ အလွမ်းသင့်နေတဲ့ အားသာချက်ကို ထိထိမိမိအသုံးချနိုင်ဖို့ လိုအပ်မှာပါ။
NLD အစိုးရဟောင်းလက်မှာ လျှပ်စစ်စွမ်းအင်ကဏ္ဍဟာ ဦးသိန်းစိန်နဲ့ အရင်အစိုးရလက်ထက်က စီမံကိန်းတွေအပေါ် အောင်ပွဲခံခဲ့တဲ့ပုံစံသာဖြစ်ခဲ့ပြီး အောင်မြင်ခဲ့တဲ့ လျှပ်စစ်စီမံကိန်း ဟုတ်ဟုတ်ငြားငြားမရှိသလို တစ်ခုတည်းသော V Power ရဲ့ LNG ကနေ လျှပ်စစ်ထုတ်မှုကလည်း ဒေါ်လာစျေးအကျပ်အတည်းနဲ့ ရပ်ဆိုင်းသွားလို့ ဒီစီမံကိန်းက ရွေးကောက်ပွဲမဲရဖို့ တစ်ခုတည်းကို ရည်ရွယ်တယ်ဆိုတာ ပေါ်လွင်စေခဲ့ပါတယ်။ အခြားသော ကဏ္ဍတွေကလည်း ဘင်္ဂါလီအရေးကို ကမ္ဘာ့လူအခွင့်အရေးအဖြစ် NLD အစိုးရဟောင်း ဆွဲတင်ခဲ့မှုကြောင့် ကျရှုံးခဲ့ရတာတွေ၊ အိမ်နီးချင်းနိုင်ငံတချို့ရဲ့ ပထဝီနိုင်ငံရေး စွက်ဖက်မှုတွေ၊ PDF တွေ ဖျက်ဆီးလို့ လျှပ်စစ်ကဏ္ဍ အကျပ်အတည်း ကြုံလာနေရတာတွေ၊ NUG နဲ့ PDF တွေကြောင့် လောင်စာဆီပိတ်ဆို့ခံနေရလို့ ပြည်တွင်း အကျပ်အတည်းကြုံလာတာတွေဟာ အနာဂတ်မှာ စွမ်းအင်နဲ့ အရင်းအမြစ် လုံခြုံရေးဟာ အရေးတကြီးလုပ်ဆောင်ထားရမယ်ဆိုတာကို ပိုမြင်သာစေခဲ့ပါတယ်။ ဒီအရင်းအမြစ်လုံခြုံရေးအတွက် ဗဟိုသော့ချက်ထဲက တစ်ခုဖြစ်လာနိုင်တာက ရုရှားနဲ့ လုပ်ဆောင်မယ့် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းဖြစ်ပြီး ဒီစီမံကိန်းဟာ မြန်မာနိုင်ငံဆီကို စွမ်းအင်လုံခြုံရေး၊ နျူကလီးယားလျှပ်စစ်နဲ့ ရေနံချက်စက်ရုံတွေ ယူဆောင်လာပေးနိုင်သလို ကုန်သွယ်ထောက်ပို့နိုင်ငံအဖြစ်နဲ့ပဲ ရေနက်ဆိပ်ကမ်းတွေဖော်ဆောင် တိုးတက်အောင်လုပ်ရတော့မယ့် မြန်မာနိုင်ငံအဖို့ ဒီစီမံကိန်းက အလျင်အမြန်အကောင်အထည်ဖော်ရမှာပါ။ တချို့သော စီမံကိန်းတွေဟာ ဒီမိုကရေစီခေတ်မှာဆို ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တိုးတက်မှု မမြင်ရဘဲ ရပ်သွားတတ်တယ်ဆိုတာကလည်း အထွေအထူးပြဿနာမရှိတဲ့ ကျောက်ဖြူလို စီမံကိန်းမျိုးမှာ တွေ့ထားရတာမို့လို့ ထားဝယ်အထူးစီးပွားရေးဇုန်အမြန်စတင်နိုင်ရေးဟာ ဒီကာလမှာ မဖြစ်မနေ အုတ်မြစ်အမြန်ချဖို့ လိုအပ်မှာပါလို့ တွေးဆကြည့်မိရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။