
၂၆. ၃. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ပြန်လည်ထိန်းသိမ်းရန် တောင်ခမ်းမှ နောင်ချိုသို့ ထိုးဖောက်လာသော တပ်မတော်၏ နေဝန်းနီစစ်ကြောင်းမှူးက နောင်ချိုမြို့ရှိ TNLA/PDF များအား လက်နက်ချရန် သတိပေးစာ ပေးပို့ထားသည်ဟု တပ်မတော်နှင့်နီးစပ်သော သတင်းဌာနများက ယမန်နေ့တွင် ပုံနှင့်တကွ သတင်းဖော်ပြလာပြီး ညနေစောင်းတွင် နောင်ချိုမြို့ကို တပ်မတော်က လေကြောင်းတိုက်ခိုက်ရာမှ လေးဦးသေဆုံးသွားသည်ဟု ယခု ညနေပိုင်းတွင် TNLA က အတည်ပြုသည်။

၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) တွင် TNLA နှင့် PDF များက နောင်ချိုမြို့ကို သိမ်းယူပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်ခန့်မှစတင်ကာ နောင်ချိုမြို့အနီးရှိ တောင်ခမ်းကျေးရွာ တပ်မတော်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သော်လည်း မအောင်ခဲ့သလို အကျအရှုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေ၍ တပ်မတော်က လိုက်လံချေမှုန်းပြီးနောက် နောင်ချိုပတ်ပတ်လည်ရှိ TNLA ခံစစ်စခန်း ၃၀ ကျော်ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သလို ယမန်နေ့ကလည်း တိမ်ပင်လယ်ကို သိမ်းနိုင်ခဲ့ပြီးနောက် ယမန်နေ့က ဝေဟင်ထိုးစစ်ပါ ထပ်ဆင့်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဝေဟင်ထိုးစစ်ကို ယမန်နေ့ မတ်လ ၂၆ ရက် ည ၆ နာရီခွဲအချိန်တွင် အုမ္မခါး၊ သုံးဆယ်နှင့် ရွှေညောင်ပင်ကျေးရွာအတွင်း TNLA တပ်များအခြေစိုက်ရာသို့ ဂျက်ဖိုက်တာ (၂)စီးဖြင့် ဗုံး (၅)ကြိမ် ကြဲချတိုက်ခိုက်ခဲ့သည်။
ထိုဗုံးကြဲတိုက်ခိုက်မှုကြောင့် သုံးဆယ်ကျေးရွာမှ အမျိုးသား (၂)ဦးနှင့် အမျိုးသမီး (၂)ဦး ပွဲချင်းပြီးသေဆုံးခဲ့ရပြီး အုမ္မခါးကျေးရွာ ဒေသခံ (၄)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် ၎င်းကျေးရွာရှိ ဒေသခံနေအိမ်အများအပြား ဗုံးစထိမှန်ပျက်စီးသွားခဲ့သည်ဟုပြောသော်လည်း အမှန်တကယ် ဒေသခံ ဟုတ်မဟုတ်ကိုမူ TNLA ထုံးစံအတိုင်း ပုံနှင့်တကွ ထုတ်ပြန်ပြခြင်းမရှိသဖြင့် သေဆုံးသူများ ဒေသခံအစစ်ဟုတ် မဟုတ်ကိုလည်း MT News က မြေပြင်အတည်မပြုနိုင်ချေ။
ပုံစာ။ ယမန်နေ့က လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဥ်အပေါ် TNLA ထုတ်ပြန်သည့်ပုံရိပ်။