
၂၇.၃.၂၀၂၅
Translated by Htwe Ko Tun
မြောက်ကိုရီယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်းက လူသားဉာဏ်ရည်တုနည်းပညာ(AI)နဲ့ မောင်းနှင်နိုင်မယ့် အသေခံမောင်းသူမဲ့လေယာဉ်(ဒရုန်း) စမ်းသပ်မှုကို ကြီးကြပ်စစ်ဆေးပြီးတဲ့နောက် မောင်းသူမဲ့ထိန်းချုပ်မှုနဲ့ ဉာဏ်ရည်တုနည်းပညာစွမ်းဆောင်နိုင်ရည်တို့က ခေတ်မီလက်နက်တွေဖွံ့ဖြိုးတိုးတက်မှုမှာ ဦးစားပေးရမယ့်အချက်တွေဖြစ်တယ်လို့ ပြောခဲ့တယ်ဆိုတာ နိုင်ငံပိုင် KCNA သတင်းဌာနက မတ်လ ၂၇ ရက်မှာ ဖော်ပြခဲ့ပါတယ်။


ကင်က ကုန်းမြေနဲ့ ပင်လယ်ပြင်နှစ်ခုစလုံးမှာ နည်းဗျူဟာပစ်မှတ်အမျိုးမျိုးနဲ့ ရန်သူရဲ့လှုပ်ရှားမှုတွေကို ထောက်လှမ်းနိုင်စွမ်းရှိမယ့် အဆင့်မြှင့်ထားတဲ့ထောက်လှမ်းရေးဒရုန်းတွေကိုလည်း ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ သတင်းက ဖော်ပြခဲ့ပါတယ်။
သူက လက်နက်ကိုင်တပ်တွေကို ခေတ်မီဖို့ဆောင်ရွက်ရာမှာ မောင်းသူမဲ့စက်ကိရိယာတွေနဲ့ ဉာဏ်ရည်တုနည်းပညာနယ်ပယ်ကို ထိပ်ဆုံးက ဦးစားပေးဆောင်ရွက်ရမယ်လို့လည်း ကင်က ပြောခဲ့တယ်ဆိုပါတယ်။
ကင်က စစ်ဘက်ဆိုင်ရာအသုံးပြုမှုတွေအတွက် လူလိုက်ပါခြင်းမရှိတဲ့ဒရုန်းတွေ အရှိန်အဟုန်နဲ့ပြိုင်ဆိုင်နေကြရာမှာ နှစ်ရှည်အမျိုးသားရေးအစီအစဉ်က အောင်မြင်မှုရဖို့ ရှေ့တန်းကျတယ်လို့လည်း ပြောကြားသွားတယ်လို့ သတင်းက ဖော်ပြပါတယ်။ သူက ကင်းထောက်လုပ်ငန်း၊ သတင်းအချက်အလက် စုဆောင်းမှု၊ အီလက်ထရွန်းနစ် ဟန့်တားမှုနဲ့ တိုက်ခိုက်ရေးစနစ် စတဲ့ လုပ်ငန်းတွေအတွက် တီထွင်ဖန်တီးထားတဲ့ မောင်းသူမဲ့လေယာဉ်ဒရုန်းတွေကို သီးခြားစီစစ်ဆေးခဲ့တယ်လို့သိရပါတယ်။

မြောက်ကိုရီးယားနိုင်ငံက ကာမိကာဇေ ခေါ်တဲ့ အသေခံဒရုန်းတွေအပါအဝင် မောင်းသူမဲ့လေယာဉ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့ကြီးမားစွာ တွန်းအားပေးခဲ့ပါတယ်။ ဒီစီမံချက်က ၂၀၂၄ ခုနှစ်အတွင်း မြောက်ကိုရီးယားနဲ့ ရုရှားတို့အကြား စစ်ရေးပူးပေါင်းဆောင်ရွက်မှုတိုးတက်လာခြင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်မလားလို့ သံသယရှိကြပါတယ်။
ယူကရိန်းစစ်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့ကြတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေဟာ မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်မှုတွေမှာ ပါဝင်ခဲ့တယ်လို့ ယုံကြည်ရပြီး အဖိုးထိုက်တန်တဲ့ စစ်မြေပြင်အတွေ့အကြုံတွေရခဲ့ ကြပါတယ်။
Ref- CNA