
၂၇. ၃. ၂၀၂၅
Translated by Nay Moe
မြန်မာနိုင်ငံဘက်ခြမ်းရှိ PDF နှင့် လက်နက်ကိုင်များထံ နယ်စပ်ဖြတ်ကျော် လက်နက်မှောင်ခိုပို့ဆောင်မည့် လက်နက်ခဲယမ်းများကို ယမန်နေ့က ထိုင်းနယ်ခြားစောင့်တပ်ရင်း (၃၅) က ဖမ်းဆီးရမိခဲ့သည်။
ဖြစ်စဥ်မှာ ယမန်နေ့ မတ်လ ၂၆ ရက်တွင် နရဲစွမ်တပ်ဖွဲ့၊ နယ်ခြားစောင့်တပ်ရင်း (၃၅) မှ တပ်ဖွဲ့ဝင်များသည် တက်ခ်ခရိုင်၊ မဲရာမတ်ခရိုင်ခွဲ၊ ခနဲကျူးကျေးရွာအုပ်စု၊ ဟွေဟဲန်ကျေးရွာရှိ စစ်ဆေးရေးဂိတ်နေရာတွင် တာဝန်ထမ်းဆောင်နေစဉ် တက်ခ်ခရိုင်၊ သာဆောင်းယန်ခရိုင်ခွဲမှ အသက် ၆၀ အရွယ်ရှိ ဦးဖိုလ်၏ တိုယိုတာအမှတ်တံဆိပ်၊ လိမ္မော်ရောင်ယာဥ်ကို စစ်ဆေးခဲ့ရာ ခရီးသည်ထိုင်ခုံနောက်ဘက်ရှိ အဖြူရောင်ပုံးအတွင်းမှ စစ်သုံးလက်နက်၊ ခဲယမ်းနှင့် လက်ပစ်ဗုံးနှစ်လုံး စုစုပေါင်း ၅ မျိုးကို တွေ့ရှိခဲ့သည်။



ယင်းတို့မှာ 9 mm Sig Sauer ပစ္စတို ၂ လက်၊ ကျည်အိမ် ၄ ခု၊ ကျည်ဆန် ၂၀၀ တောင့်၊ M 67 လက်ပစ်ဗုံး ၁ လုံးနှင့် K75 လက်ပစ်ဗုံး ၁ လုံးတို့ဖြစ်သည်။
ယာဉ်မောင်း ဦးဖိုလ်အား မေးမြန်းရာတွင် မဲဆော့ဒ်ခရိုင်၊ ချွန်ဖွန်ခီရိဘုန်းတော်ကြီးကျောင်းရှေ့မှ ဦးဘွိုင်ဆိုသူက ပစ္စည်းများ သွားယူခိုင်းကြောင်း၊ ပစ္စည်းများကို သာဆောင်းယန်ခရိုင်၊ မဲဆလစ်နွိုင်ကျေးရွာအုပ်စု၊ မဲဆောင်းကျေးရွာရှိ မဲဆလစ်နွိုင်ဘုန်းတော်ကြီးကျောင်းရှေ့ သွားပို့ပေးရန်ဖြစ်ပြီး ထိုနေရာသို့ရောက်ရှိပါက လူတစ်ဦးမှ လာရောက်ယူဆောင်သွားမည်ဖြစ်ကြောင်း၊ယာဉ်မောင်း ဦးဖိုလ်အနေဖြင့် ပုံးအတွင်းရှိပစ္စည်းများကို လက်ခံရယူခြင်းမပြုမီ ဖွင့်မကြည့်ခဲ့ကြောင်း ထွက်ဆိုခဲ့သည်။
ဖမ်းဆီးရေးအဖွဲ့သည် လက်နက်နှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများကို သိမ်းဆည်းခဲ့ပြီး ယာဉ်ပိုင်ရှင်အား မဲရာမတ်မြို့နယ်ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်သလို မြန်မာနိုင်ငံဘက်ခြမ်းရှိ PDF နှင့် လက်နက်ကိုင်များထံသို့ နယ်စပ်ဖြတ်ကျော်လက်နက်မှောင်ခိုကုန်ကူးမှုနှင့် ဆက်နွှယ်မှုအပေါ် ဆက်လက် စစ်ဆေးနေကြောင်း သိရသည်။