
၂၇.၃.၂၀၂၅
Written By Thandar
အဆိုတော် မိုးမိုးက ဒါရိုက်တာအနေနဲ့ ဒုတိယမြောက်ရိုက်ကူးပုံဖော်မယ့် ဖန်စီရိုမန့် ဇာတ်လမ်းပုံစံ “မာယာဧရိယာပြင်ပ” ဇာတ်ကားကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ မတ်လ ၂၇ ရက် နံနက် ၁၀ နာရီ ၁၀ မိနစ်က ရန်ကုန်မြို့ရှိ ရွှေဘုန်းပွင့်ဘုရားမှာ ကျင်းပခဲ့ပါတယ်။



“ဒီဇာတ်ကားလေးကို စီစဉ်ထားတာ ကြာပါပြီ။ ပြီးခဲ့တဲ့ ၁၀ လပိုင်းလောက်ကတည်းကပါ။ ရုပ်ရှင်ဇာတ်ကားကြီး ကြားဝင်သွားလို့ပါ။ မာယာဧရိယာပြင်ပပါ။ ဒါရိုက်တာအနေနဲ့ကတော့ ကျွန်တော့်ရဲ့ ဒုတိယမြောက်ဇာတ်ကားပါ။ ဖန်စီဇာတ်လေး ပေါ့ပေါ့ပါးပါး ဇာတ်လေးပါပဲ။ ရိုမန့်ဇာတ်လေးလည်း ပါပါတယ်။ အပင်ကြီးတွေမှာ ဆုတွေတောင်းကြတာရှိတယ်လေ။ ကျွန်တော်တို့လည်း ဆုတောင်းကြပါတယ်။ ဆုတောင်းသင့်တာနဲ့ ဆုမတောင်းသင့်တာတွေပေါ့။ ဆုတောင်းပြီးတော့ မပြည့်တဲ့သူတွေ အဲလိုလူမျိုးတွေ တွေးပြီးရေးထားတဲ့ ဇာတ်လေးပါ”လို့ ဒါရိုက်တာ အဆိုတော်မိုးမိုးက ပြောပါတယ်။
အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း မိုးမိုး၊ ဇာတ်ညွှန်း ဆူးခက်မင်း ရေးသားပြီး ဒါရိုက်တာ မိုးမိုးက မတ်လ ၂၈ ရက်ကနေစတင်ပြီး ရန်ကုန်မြို့နယ်ဝန်းကျင်မှာ ဖန်စီရိုမန့် ဇာတ်လမ်းပုံစံလေး ရိုက်ကူးမှာဖြစ်ပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကျော်ကျော်ဗိုလ်၊ နေလင်းရှိန်၊ ဝေလာရီ၊ မိုးပွင့်ဖြူ၊ ဇွဲနိုင်ဝင်း၊ စွမ်းထက်အောင်၊ မောင်ကင်း၊ ပီယ နဲ့ အနုပညာရှင်များစွာက ပါဝင်ထားကြမှာဖြစ်ပါတယ်။



“ဒီဇာတ်ကားလေးက ထူးခြားတယ်။ လျှို့ဝှက်ထားတာလေးတွေလည်း ပါတဲ့ ဇာတ်လမ်းလေးဖြစ်လို့လက်ခံပြီး ရိုက်ကူးဖြစ်တာပါ။ ကျွန်တော်က ဒီဇာတ်ကားထဲမှာ စာရေးဆရာ ကာရိုက်တာမျိုးနဲ့ ပါဝင်ထားတာပါ။ ဇာတ်လမ်းလေးကလည်း ပရိသတ်ကြိုက်မယ့် ဇာတ်လမ်းလေးလည်းဖြစ်တယ်။ ကျွန်တော့်သူငယ်ချင်း မိုးမိုး ဒါရိုက်တာအနေနဲ့ ရိုက်ထားတဲ့ ကားလေးဖြစ်လို့ ပါဝင်ဖြစ်တာပါ” လို့ အကယ်ဒမီ ကျော်ကျော်ဗိုလ် ပြောပါတယ်။
“မာယာဧရိယာပြင်ပ” ဇာတ်ကားကို မကြာခင်မှာ Mahar Application က ထုတ်လွှင့်ပြသမှာလည်းဖြစ်တယ်လို့ သိရပါတယ်။