
၂၇ .၃ .၂၀၂၅
Written by Hey Mar
သတိမလည်တဲ့ စွန့်ပစ်ခံသက်ကြီးပိုင်းအမျိုးသားတစ်ဦးကို ဒေသခံလူမှုကူညီရေးအသင်းက သန်လျင်သဘာဝတရားရိပ်သာရှိ ကွန်းခိုရာဆေးရုံဆီ ပို့ဆောင်ပေးခဲ့ရတဲ့ ဖြစ်စဉ် မနေ့က မတ်လ ၂၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ တာမွေမြို့နယ်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။



အဆိုပါအဘိုးအိုကို တာမွေမြို့နယ်၊ တာမွေကြီး (က+ခ)ရပ်ကွက် အဝိုင်းထိပ် တံတားအောက်မှာ စွန့်ပစ်ထားတာဖြစ်ပြီး ဘယ်အချိန်က လာရောက်စွန့်ပစ်ခဲ့မှန်းမသိရှိရပေမယ့် အနီးအနားနေထိုင်သူတွေ တွေ့မြင်နေရတာ တစ်ပတ်ဝန်းကျင်ရှိပြီလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ရက် သုံးရက်ခန့်ကတော့ အစာမစားဘဲ နေထိုင်မကောင်းပုံပေါ်တာကြောင့် ပတ်ဝန်းကျင်ကပဲ သန့်ရှင်းရေးဆောင်ရွက်ပေးကာ ဆေးခန်းပြသကူညီပေးခဲ့ကြောင်းနဲ့ မနေ့က မတ်လ ၂၆ ရက် မနက်မှာတော့ အသက်ရှုနေပေမယ့် သတိမလည်တာကြောင့် မစီဒီးခါန်း လူငယ်လူမှုကူညီရေးအဖွဲ့ထံ ပတ်ဝန်းကျင်ကပဲ အကြောင်းကြားအကူအညီတောင်းလာတာလို့ သိရပါတယ်။
မစီဒီးခါန်း လူငယ်လူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိသူက “အဖိုးက အသက် ၆၀ ကျော် ၇၀ လောက် ဖြစ်မယ်။ သတိမလည်ဘူး။ အသက်ကရှုနေသေးတယ်။ သန်လျင်သဘာဝတရားရိပ်သာက ကွန်းခိုရာမှာ ကုသဖို့ ဆေးရုံတင်ပေးတော့ ဆရာဝန်က အသက်ကိုတော့ အာမခံပေးလို့မရဘူး၊ ငြိမ်းငြိမ်းချမ်းချမ်း သက်သောင့်သက်သာ နားနိုင်အောင် ပြုစုကုသပေးမယ်ပေါ့။ ဒီလောက်ပဲ တတ်နိုင်တော့မယ်လို့ ပြောပါတယ်” လို့ MT News ကို ပြောပါတယ်။