၂၀ . ၁. ၂၀၂၃
Written By Thandar
ဒီကောင်မလေး အတွက်၊ မင်းလေးသိဖို့၊ သံယောဇဥ်မီး၊ ငါဝအောင် ငိုလိုက်မယ်၊ နင်ပျော်ဖို့ စတဲ့ သီချင်းတွေနဲ့ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် D ဖြိုးရဲ့ အလွမ်းသီချင်းပုံစံ “တာဝန်ကျေပြီ” ကို ပရိသတ်အတွက် လက်ဆောင်ပေးသွားမယ်လို့ ဆိုပါတယ်။
ဒီသီချင်းကို တေးရေး တေးဆို စီစဥ်သူ သီဟလူက ရေးသားထားပြီး ဇန်နဝါရီ ၂၄ ရက်မှာ Dphyo Official YouTube Channel နဲ့ 360beatz ကနေ တင်ပေးသွားမယ်လို့ဆိုပါတယ်။
“၂၀၁၉ ခုနှစ်လောက်တုန်းက တခြား Artist တွေနဲ့ အတွဲလုပ်မယ်လို့ စီစဥ်ပြီး ထုတ်ဖို့ပြင်ဆင်ခဲ့တယ်။ ကျွန်တော် ကိုယ်တိုင်ရေးတဲ့ တခြားကို ပေးဆိုပြီးတော့လေ။ ဒီခွေမှာ ကိုဒီဖြိုးကို ပါဝင်ဆိုဖို့ ကမ်းလှမ်းခဲ့တယ်။ သီချင်း ၂ ပုဒ် ပေးဖြစ်ခဲ့တယ်။ ဒီသီချင်းတွေထဲက ကြိုက်နှစ်သက်တာ သူဆိုဖြစ်တာပါ။ “တာဝန်ကျေပြီ” သီချင်းလေးက သူ့ဘက်က ချစ်နေရရင်ပဲ တာဝန်ကျေပြီဆိုတဲ့ သဘောလေးပါ ထားသွားချင်လည်းရတယ်။ နေခဲ့ဆိုလည်း နေခဲ့မယ့် သဘောလေးရေးဖွဲ့ထားတယ်။ သူ့နှလုံးသားအတွက်လည်း သူတာဝန်ကျေတယ်သဘောလေးပါ။ သူ့အတွက်အကုန်လုပ်ပေးပြီးပြီပေါ့”လို့ တေးရေး တေးဆို သီဟလူက M T News Entertainment ကို ပြောပါတယ်။
“တာဝန်ကျေပြီ” သီချင်းရဲ့ Harmony ကိုတော့ KNL, Freeway တို့က သီဆိုပေးထားပြီး Mixing & Mastering ကိုဖိုးဇော်(Counter Point) အပြင် Special Guest 6(SG6) က တီးခတ်ပေးထားတယ်လို့ သိရပါတယ်။ ပရိသတ်တွေအတွက် ဒီသီချင်းကိုတော့ Lyrics Video ပုံစံ ဖန်တီး တင်ဆက်သွားမယ်လို့ သိရပါတယ်။
သီဟလူ ကတော့ ယခုထွက်ရှိလာမယ့် “တာဝန်ကျေပြီ”သီချင်း၊ ပိုပိုနဲ့ ဘုန်းနေတို့ရဲ့ “စဉ်းစားတိုင်း ကြေကွဲ”သီချင်း စတဲ့ တေးသံရှင်တွေအတွက်လည်း တေးသီချင်းသစ် ဖန်တီးရေးဖွဲ့ပေးနေပြီးတော့ Band အနေနဲ့လည်း Special Guest 6(SG6) နဲ့ Middle Block band ကို တီးခတ်နေသူလည်း ဖြစ်ပါတယ်။
“ကျွန်တော့်အနေနဲ့ တေးသီချင်းတွေကို သီဆိုသူ အဆိုတော်အပေါ်မှာ မူတည်ပြီးတော့ပဲ သီချင်းတွေကို ရေးသားပေးဖြစ်ပါတယ်။ အဆိုတော်တစ်ယောက်ရဲ့ သီဆိုပုံကြည့်ပြီးတော့ ကိုယ်ပိုင်သံစဥ်သစ်တွေကိုပဲ ရေးပေးဖြစ်တယ်လို့ဆိုပါတယ်၊ ဒီသီချင်းကလည်း ကိုဒီဖြိုးနဲ့လည်း လိုက်ဖက်မယ်လို့ ထင်လို့ပါ”လို့ သူကဆက်ပြောပါတယ်။