
တောမီးကြောင့် နှစ် ၁,၃၀၀ ခန့် သက်တမ်းရှိ ရှေးဟောင်းကျောင်းတော်ကြီးတစ်ခုပျက်စီး
၂၇.၃.၂၀၂၅.
Translated by Htwe Ko Tun
တောင်ကိုရီယားနိုင်ငံ အရှေ့တောင်ပိုင်းတွင် လောင်ကျွမ်းလျက်ရှိသော တောမီးက နိုင်ငံအတွင်းဖြစ်ပွားခဲ့တဲ့ တောမီးလောင်ကျွမ်းမှုတွေမှာ အဆိုးဝါးဆုံးအခြေအနေကိုရောက်ရှိနေပြီး မတ်လ ၂၇ ရက် နံနက်အထိ တောမီးလောင်ကျွမ်းမှုအတွင်း လူ ၂၆ ဦးထိ သေဆုံးကာ ဒဏ်ရာရသူ ၃၀ ဦးရှိလာပြီဟု တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။

တောမီးက နိုင်ငံရဲ့ အရှေ့တောင်ပိုင်း ဂျုံဆန်ပြည်နယ်အတွင်း မတ်လ ၂၁ ရက်မှာ စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး သစ်တောမြေ ဟက်တာ ၃၆,၀၀၀ ခန့်မီးလောင်ပျက်စီးခဲ့ရပါပြီ။ ယူအိဆုန်ခရိုင်နဲ့ အန်ဒုန်ခရိုင် နှစ်ခုတို့မှာ လူ ၃၇,၀၀၀ လောက်ကလည်း မီးဘေးမှလွတ်ကင်းဖို့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးနေရပါတယ်။
မီးသတ်တပ်ဖွဲ့ဝင်တွေကလည်း တောမီးကို ထိန်းချုပ်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးပမ်းနေရရုံမက ဒေသခံပြည်သူတွေကို တောမီးကလွတ်ရာ ရှောင်တိမ်းနိုင်ဖို့နဲ့ ရှေးဟောင်းပစ္စည်းတွေ မီးလောင်ကျွမ်းမခံရစေဖို့ ခက်ခက်ခဲခဲ ကြိုးပမ်းနေကြရတယ်လို့ သိရပါတယ်။ မီးဘေးကြောင့် သေဆုံးရသူအများစုကလည်း အသက် ၆ဝ နှစ်မှ ၇၀ နှစ်အကြား သက်ကြီးရွယ်အိုတွေဖြစ်တယ်လို့ ဒေသခံ အရာရှိတွေက ပြောခဲ့ကြပါတယ်။ မျက်မြင်တွေ့ရှိသူတွေကလည်း သေဆုံးသူတွေဟာ သူတို့ရဲ့နေအိမ်တွေကို တောမီးလောင်ကျွမ်းချိန်မှာ သက်ကြီးရွယ်အိုတွေမှာ ထွက်မပြေးနိုင်ဘဲ သေဆုံးကြရတာလို့ ပြောခဲ့ကြပါတယ်။


တောမီးကြောင့် ယူအိဆုန်မြို့မှာ သက်တမ်း နှစ် ၁,၃၀၀ ခန့်ရှိတဲ့ ကျောင်းတော်ကြီးတစ်ခု လုံးဝပျက်စီးခဲ့ရပြီဖြစ်ပြီး တခြား ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံတွေမှာလည်း တောမီးရဲ့ ခြိမ်းခြောက်မှု ခံနေရတယ်လို့ သိရပါတယ်။
တောမီးကြောင့် အိမ် ၂,၄၄၈ အိမ်ပျက်စီးခဲ့ရတယ်လို့ ဒေသခံအရာရှိတွေက ခန့်မှန်းထားကြပါတယ်။
Ref- Yonhap News, bbc