
၂၇.၃.၂၀၂၅
Translated by Htwe Ko Tun
ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ အစ္စရေးနဲ့ ဟားမားစ်တို့ စစ်ပွဲစတင်ဖြစ်ပွားခဲ့ချိန်ကစလို့ အကြီးမားဆုံးလို့ ဆိုရမယ့် ဟားမားစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတစ်ရပ်ကို ဒုတိယမြောက်နေ့အဖြစ် ပြည်သူရာပေါင်းများစွာက မတ်လ ၂၆ ရက်က ဆက်လက်ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒပြပြည်သူတွေက ဂါဇာဒေသအတွင်းလမ်းတွေပေါ်မှာ ဟားမားစ်အဖွဲ့ကို အာဏာရယူထားမှုက ဆင်းပေးဖို့ လှည့်လည်တောင်းဆိုခဲ့ကြပါတယ်။



မျက်နှာဖုံးစွပ်ထားတဲ့ ဟားမားစ်စစ်သွေးကြွတွေက တချို့ဆိုရင် သေနတ်တွေနဲ့ တုတ်တိုတွေကိုင်ဆောင်ပြီး ဆန္ဒပြသမားတွေကို ဝင်ရောက်ရိုက်နှက်တိုက်ခိုက်ကာ လူစုခွဲဖို့ကြိုးစားခဲ့ကြပါတယ်။ ဗီဒီယိုတွေမှာဆိုရင် ‘ဟားမားစ်တွေ ထွက်သွား’ လို့ကြွေးကြော်အော်ဟစ်ကာ ချီတက်လာတဲ့ လူငယ်တွေကို ဂါဇာဒေသမြောက်ပိုင်း ဘိတ်လာဟီယာမြို့မှာ မတ်လ ၂၅ ရက်က တွေ့ခဲ့ကြရပါတယ်။
ဟားမားစ်အုပ်စုကတော့ဆန္ဒပြမှုကို ရှုတ်ချခဲ့ပြီး ဒါကနိုင်ငံရေးအရ တစ်ဖက်လှည့်လုပ်ဆောင်တာဖြစ်ပြီး အစ္စရေးတို့ရဲ့ အပြစ်ကျူးလွန်မှုတွေကို ပြောင်းလဲဖုံးကွယ်ဖို့ကြိုးစားတာလို့လည်း ပြောခဲ့ပါတယ်။ ဟားမားစ်ထောက်ခံသူတွေကလည်း ဆန္ဒပြမှုအပေါ် အရေးမပါသယောင်ပြောခဲ့ကြပြီး ဆန္ဒပြပွဲမှာပါဝင်သူတွေကိုလည်း သစ္စာဖောက်တွေအဖြစ် စွပ်စွဲခဲ့ပါတယ်။
အစ္စလမ်မစ် ဂျီဟတ်လက်နက်ကိုင်တွေက အစ္စရေးနိုင်ငံအတွင်း ဒုံးကျည်တွေနဲ့ ပစ်ခတ်အပြီး တစ်ရက်အကြာမှာ ခုလို ဂါဇာမြောက်ပိုင်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့တာပါပဲ။ အစ္စလမ်မစ် ဂျီဟတ်တို့ရဲ့ တိုက်ခိုက်မှုက ဘိတ်လာဟီယာမြို့ရဲ့ နယ်မြေတော်တော်များများကို ပြန်လည်သိမ်းပိုက်ဖို့ အစ္စရေးတို့ကို လှုံ့ဆော်ပေးသလိုတောင်ဖြစ်ခဲ့ရပါတယ်။ ဂျီဟတ်လက်နက်ကိုင်တို့ရဲ့ ဒီလိုတိုက်ခိုက်မှုကိုဒေသခံပြည်သူတွေကလည်း မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။
အစ္စရေးတို့က ဟားမားစ်တို့အနေနဲ့ အပစ်အခတ်ရပ်စဲရေးတိုးချဲ့ဖို့ အမေရိကန်ရဲ့ အဆိုပြုချက်ကို လက်မခံတဲ့အနေနဲ့ ဒီလိုတိုက်ခိုက်တာပဲလို့ စွပ်စွဲကာ ဂါဇာ အပစ်အခတ်ရပ်စဲရေး နှစ်လနီးပါးကြာလာခဲ့ပြီးတဲ့နောက် စစ်ရေးတိုက်ခိုက်မှုတွေ ပြန်လည်စတင်ခဲ့ပါတယ်။ ဟားမားစ်တို့ကလည်း အစ္စရေးတို့ဟာ ဇန်နဝါရီလကချုပ်ဆိုခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ချိုးဖောက်တယ်လို့ ပြန်လည်စွပ်စွဲခဲ့ပါတယ်။
မတ်လ ၁၈ ရက်ကပြန်လည်စတင်လာတဲ့ အစ္စရေးတို့ရဲ့လေကြောင်းတိုက်ခိုက်မှုတွေမှာ ပါလက်စတိုင်းပြည်သူ ရာနဲ့ချီလို့ သေဆုံးပြီး ထောင်နဲ့ချီလို့ စစ်ဘေးရှောင်ထွက်ပြေးခဲ့ကြရပါတယ်။
ဟားမားစ်တို့က ရွေးကောက်ပွဲတွေမှာ အနိုင်ရပြီးတဲ့နောက်တစ်နှစ်အကြာ၂၀၀၇ ခုနှစ်ကစလို့ ဂါဇာကမ်းမြောင်ဒေသကို တစ်ဦးတည်း သိမ်းပိုက်အုပ်ချုပ်လာတာပါ။ တစ်နှစ်ကျော်ကြာလာပြီဖြစ်တဲ့ ဂါဇာစစ်ပွဲမှာတော့ ဒေသခံ ပါလက်စတိုင်းပြည်သူ ၅၀,၀၀၀ ကျော်သေဆုံးခဲ့ရပြီး လူဦးရေရဲ့ အများစုဖြစ်တဲ့ ၂ ဒသမ ၁ သန်းခန့်က စစ်ဘေးရှောင်နေကြရပါတယ်။ ဂါဇာရှိ အဆောက်အအုံတွေရဲ့ ၇၀ ရာခိုင်နှုန်းကလည်း စစ်ဒဏ်ကြောင့် ပျက်စီးခဲ့ပြီလို့ ခန့်မှန်းရပါတယ်။
Ref- bbc