၂၀. ၁. ၂၀၂၃
Written by Pan Ei
အာဖဂန်နစ္စတန်နိုင်ငံ၏ ဆယ်စုနှစ်တစ်ခုကျော်ကာလအတွင်း အပြင်းထန်ဆုံး ဆောင်းရာသီအအေးဒဏ် လွန်ကဲမှုကြောင့် အနည်းဆုံး လူ ၇၈ ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
နိုင်ငံ၏ ပြည်နယ် ၃၄ ခုအနက် ရှစ်ခုတွင် အအေးဒဏ်ကြောင့် သေဆုံးမှုများရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ဆိုးရွားသော စီးပွားရေးအကျပ်အတည်းနှင့်ရင်ဆိုင်နေရသည့် အာဖဂန်နစ္စတန်နိုင်ငံသည် အပူချိန် အနှုတ် ၃၄ ဒီဂရီစင်တီဂရိတ် (အနှုတ် ၂၉ ဒသမ၂ ဒီဂရီဖာရင်ဟိုက်) အထိ ကျဆင်းသွားသည့် ၁၅ နှစ်အတွင်း အအေးဆုံးဆောင်းရာသီနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်သည်။
ဆောင်းရာသီအစောပိုင်းတွင်ပင် ကျန်းမာရေးဝန်ထမ်းများသည် အဆုတ်အအေးမိခြင်းနှင့် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ ပြင်းထန်စွာခံစားရသည့် ကလေးငယ်အရေအတွက်မှာ သိသိသာသာ တိုးလာခဲ့ကြောင်း အစီရင်ခံတင်ပြခဲ့ကြသည်။
ပြီးခဲ့သော ရက်သတ္တပတ်အတွင်း နွားများအပါအဝင် တိရစ္ဆာန်ကောင်ရေ ၇၇,၀၀၀ခန့်လည်း သေဆုံးခဲ့ပြီး နိုင်ငံ၏ စားနပ်ရိက္ခာ မလောက်ငှမှုကို ပိုမိုခက်ခဲလာစေမည်ဖြစ်ကြောင်းလည်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
“လူပေါင်း ၂၁ ဒသမ ၂ သန်းလောက် အရေးပေါ် စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအထောက်အပံ့တွေ လိုအပ်နေချိန်မှာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေနဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားစေနိုင်တာက အာဖဂန်မိသားစုတွေကို ပိုခက်ခဲသွားစေနိုင်တယ်” ဟု UNOCHA က တွစ်တာတွင် ပြောကြားခဲ့သည်။
Ref; Reuters