နှစ်(၈၀)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်ကြမည့် အငြိမ်းစား တပ်မတော်အရာရှိကြီးများအား SAC ဥက္ကဋ္ဌနှင့်ဇနီး ဦးဆောင်သည့် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့





MT News
၂၇.၃. ၂၀၂၅
ယနေ့ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြ အခမ်းအနားသို့ ပါဝင်တက်ရောက်ကြမည့် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့ကြသော အငြိမ်းစားတပ်မတော်အရာရှိကြီးများအား တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများက ဂါရဝပြုကန်တော့သည့် အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ခန်းမဆောင်၌ ကျင်းပပြုလုပ်သည်။
အဆိုပါ ဂါရဝပြုကန်တော့သည့် အခမ်းအနားသို့ အငြိမ်းစားတပ်မတော်အရာရှိကြီး ၁၅ ဦးနှင့် ဇနီး ၆ ဦးတို့ ကန်တော့ခံတက်ရောက်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့်ဇနီး ဒေါ်ကြူကြူလှ တို့ဦးဆောင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ဇနီးဒေါ်သန်းသန်းနွယ်၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တက်ရောက် ဂါရဝပြု ကန်တော့ကြသည်။





အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ(SAC) တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဂါရဝပြုစကား ပြောကြားရာ၌ တပ်မတော်၏ အစဉ်အလာနှင့်အညီ မိမိတို့အနေဖြင့် တပ်မတော်၏တာဝန်များကို လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်ပြီး ယခုအခမ်းအနားသို့ တက်ရောက်လာကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများသည် မိမိတို့၏ မိဘ ဆရာများပင်ဖြစ်ပါကြောင်း၊ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစတင်၍ တပ်မတော်သည် တိုင်းပြည်အတွက်ဖြစ်ရမည်ဆိုသည့်စိတ်ဖြင့် အစဉ်အလာများကို ဆက်လက် ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်သည် နိုင်ငံ၏အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ တပ်မတော်သားများသည် ပြည်သူလူထု၏အစိတ်အပိုင်းများဖြစ်သဖြင့် ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကို တာဝန်ယူဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါအရင်းခံသည့်စိတ်ကို ယခင်အစဉ်အဆက် တပ်မတော်တာဝန်ထမ်း ဆောင်ခဲ့ကြသည့် တပ်မတော်အငြိမ်းစားအရာရှိကြီးများက မွေးမြူ၍လက်ဆင့်ကမ်း ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ “ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူးပြီ၊ ရှင်ငယ်ဝမ်းလည်းဝင်ခဲ့ဖူးပြီ” ဟူသည့်ဆိုစကားအတိုင်း တပ်မတော်သည် ခေတ်အဆက်ဆက်တွင် ခေတ်စနစ်အမျိုး မျိုးကို တွေ့ကြုံခဲ့ရပြီးဖြစ်ပြီး တိုင်းပြည်ကို ဖြိုခွဲဖျက်ဆီးသော ပြည်တွင်း၊ ပြည်ပ ရန်စွယ်အန္တရာယ်အမျိုးမျိုးကို အကြိမ်ကြိမ်တွန်းလှန်ဖယ်ရှားခဲ့ပြီးဖြစ်သကဲ့သို့ ပြည်ပ ကျူးကျော်မှုကို ကာကွယ်ရေး၊ ပြည်တွင်းဆူပူသောင်းကျန်းမှုကို တားဆီးရေးတို့ သာမက အမျိုး၊ ဘာသာ၊ သာသနာနှင့် ယဉ်ကျေးမှုတို့ မပျောက်ပျက်ရေးတို့ကိုပါ ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည့် တပ်မတော်ဖြစ်ကြောင်း၊ တွေ့ကြုံ ခဲ့ရသည့်အတွေ့အကြုံများကိုသင်ခန်းစာယူ၍ ဆက်လက် ဆောင်ရွက်ရမည့်ကိစ္စရပ် များကို အကောင်းအဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။




ထို့အပြင် တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော် တာဝန်များကို ထမ်းဆောင်နေရခြင်းဖြစ်ပြီး ယခုနှစ်ကုန်ကာလတွင် လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ တစ်ရပ်ကိုကျင်းပပြုလုပ်၍ အနိုင်ရရှိသည့်ပါတီအား နိုင်ငံတော်၏တာဝန်များကို စနစ်တကျပြန်လည်လွှဲပြောင်း ပေးသွားမည်ဖြစ်ပါကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ ပြည်ထောင်စုကြီးမပြိုကွဲ ရေးအတွက်ဥပဒေနှင့်အညီသာ ထိန်းထိန်းသိမ်းသိမ်းဖြင့် ဆောင်ရွက်နေခြင်းဖြစ်ပါ ကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးကိုတစိုက်မတ်မတ် ဆက်လက်ဖော် ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ပြည်သူကအားကိုးရသည့် တပ်မတော်၊ တိုင်းပြည်က အားထားရသည့်တပ်မတော်ဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
အငြိမ်းစားတပ်မတော်အရာရှိကြီးများအနေဖြင့် တပ်မတော်နေ့ကျရောက်သည့် အခါသမယများ၌ ယခုကဲ့သို့ ကန်တော့ခံအခမ်းအနားများသို့ တက်ရောက် ချီးမြှင့် ပေးသည့်အတွက်လည်း ကျေးဇူးတင်ဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ဗုဒ္ဓဘာသာအစဉ် အလာနှင့်အညီ ယခုကဲ့သို့ အထက်အောက်ရိုသေလေးစားမှုဖြင့် ကျေးဇူးတရားကို သိရှိစွာဂါရဝပြုကန်တော့ခြင်းသည် မိမိတို့တပ်မတော်၏ ကောင်းမြတ်သည့် အစဉ်အလာကောင်းတစ်ခုပင်ဖြစ်ပါကြောင်း၊ အငြိမ်းစား တပ်မတော်အရာရှိကြီးများ၏ လမ်းညွှန်ဩဝါဒများကိုလည်း ခံယူလိုပါကြောင်းဖြင့် ဆက်လက်ပြောကြားပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်ဇနီး၊ တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများနှင့် ဇနီးများက တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများကိုယ်စား အငြိမ်းစားတပ်မတော်အရာရှိကြီး များအား မြန်မာ့ရိုးရာထုံးတမ်းအစဉ်အလာနှင့်အညီရိုသေစွာဖြင့် ဂါရဝပြုကန်တော့ကြသည်။

ထို့နောက် ကန်တော့ခံအငြိမ်းစားတပ်မတော်အရာရှိကြီးများကိုယ်စား ဗိုလ်ချုပ်ကြီး သိန်းစိန်နှင့် ဒုတိယဗိုလ်ချုပ်ကြီး အောင်ထွေးတို့က ယခုကဲ့သို့ နှစ်စဉ်နှစ်တိုင်း မိမိတို့ကဲ့သို့ တပ်မတော်အငြိမ်းစားအရာရှိကြီးများနှင့် ဇနီးများအား ဂါရဝပြုကန်တော့ခြင်းသည် တပ်မတော်၏ ကောင်းမြတ်သည့် ဂုဏ်ယူဖွယ်အစဉ်အလာကောင်းတစ်ခု ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ဦးဆောင်မှုဖြင့် တပ်မတော်၏အရေးကိစ္စရပ်များအပြင် တိုင်းပြည်တည်ငြိမ်အေး ချမ်းရေး၊ ပြည်သူများ၏လူမှုစီးပွားဘဝများတိုးတက်ရေးအတွက် နေ့မနားညမအား ဆောင်ရွက်နေမှုကို အသိအမှတ်ပြုဂုဏ်ယူအားပေးလျက်ရှိနေကြောင်း၊ တပ်မတော်သားများအနေဖြင့်လည်း နိုင်ငံတော်လုံခြုံရေးနှင့်ကာကွယ်ရေးတာဝန်များကို နေ့မနား ညမအား တာဝန်ထမ်းဆောင်နေကြကြောင်း၊ တပ်မတော်သည် ခေတ်အဆက်ဆက် တွင် တိုင်းရင်းသားအားလုံး ပေါင်းစုနေထိုင်သည့် ပြည်ထောင်စုကြီးမပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေးနှင့်ပြည်တွင်းပြည်ပအန္တရာယ် ရန်စွယ်ဟူသမျှ ကို တွန်းလှန်ကာကွယ်ခဲ့သည့် အစဉ်အလာကောင်းများရှိသော တပ်မတော်ဖြစ်ကြောင်း၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်ဖြစ်သဖြင့် တပ်မတော် ၏ ကောင်းမြတ်သည့် သမိုင်းကြောင်း အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း ကာ စွမ်းရည်စွမ်းအား မြှင့်တင်ရေးကို ဆထက်ထမ်းပိုး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကိုတည်ဆောက်ရာတွင် တပ်မတော်အင်အားရှိရန် အဓိကအရေး ကြီးကြောင်း၊ အခက်အခဲအကြပ်အတည်းများ ရင်ဆိုင်ကြုံတွေ့ရချိန်တွင်လည်း အောင် မြင်စွာကျော်ဖြတ်နိုင်အောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အမှူး ပြုသည့် တပ်မတော်သားများနှင့် မိသားစုဝင်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ် ၏ ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေရန် ဆုမွန်ကောင်းတောင်းပါကြောင်းနှင့် အခြား ဩဝါဒစကားများကို ပြောကြားကြသည်။
အဆိုပါကန်တော့ပွဲအပြီးတွင်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ တို့က တည်ခင်းဧည့်ခံသည့် ၂၀၂၅ ခုနှစ်၊ နှစ်(၈၀)ပြည့် တပ်မတော်နေ့အထိမ်းအမှတ် အကြိုဂုဏ်ပြုညစာစားပွဲ အခမ်းအနားကို နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဥပစာရင်ပြင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။