
၂၇.၃.၂၀၂၅
Written by Hey Mar
တပ်ရင်းမှူးထံ နုတ်ထွက်ခွင့်တင်တာကို ၃ ကြိမ်တိတိ အကြောင်းမပြန်လို့ စစ်ရေးချုပ်ဆီ တိုက်ရိုက်တင်ပြတောင်းခံတဲ့ CDM သူနာပြု အမျိုးသမီးရဲဘော်ကို ဝန်ကြီးဌာနရဲ့ နှုတ်မိန့်လို့ဆိုကာ တပ်ရင်းမှူးက ပြောဆို ဖမ်းဆီး ထိန်းသိမ်း အပြစ်ပေးရာက လူ့အခွင့်အရေး၊ အမျိုးသမီးတစ်ဦးရဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံခဲ့ရတဲ့အတွက် အဆိုပါ CDM သူနာပြု အမျိုးသမီး ရဲဘော် ယဉ်မွန်အောင်ဆိုသူက Shield (ဒိုင်း) အမျိုးသမီးအဖွဲ့ဆီ ဒဏ်ရာရ ဓာတ်ပုံသက်သေခံ ချက်များနဲ့အတူ အကူအညီတောင်းခံလာတယ်လို့ မနေ့က မတ်လ ၂၆ ရက်မှာ အဖွဲ့အစည်းကထုတ်ပြန်ပါတယ်။
ရဲဘော် ယဉ်မွန်အောင်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့မှာ မိုးမိတ် ပြည်သူ့ဆေးရုံကနေ CDM ပြုလုပ်ခဲ့ကာ စစ်ဒေသ (၁)၊ အမှတ် (၅၁၅) တပ်ရင်းမှာ ဆေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ အဲဒီနောက် ဒုတပ်ရင်းမှူး(လက်ရှိ တပ်ရင်းမှူး) ဒေါက်တာလုံးလုံးရဲ့ ညွှန်ကြားချက်အရ ကျောက်ဆည်ခရိုင် တပ်ရင်း (၃) ကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၈ ရက်နေ့က တပ်ရင်းက အာဏာသုံးကာ ရဲဘော် ယဉ်မွန်အောင်ကို အတင်းအကြပ်ခေါ်ဆောင်ခဲ့ပြီး ခွင့်ပြုချက်မရှိဘဲ အဖွဲ့ရဲ့ “Facebook Messenger” ကနေ ထွက်ခွာလို့ဆိုကာ အပြစ်ပေး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

SHIELD အမျိုးသမီးအဖွဲ့အစည်းကနေတစ်ဆင့်
NUG ဆီ ရဲဘော် ယဉ်မွန်အောင်အတွက် အိတ်ဖွင့်ပေးစာတစ်စောင်ကို ပေးပို့ခဲ့တယ်လို့ အဖွဲ့တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။ အိတ်ဖွင့်ပေးစာထဲမှာ တိုင်ကြားချက် ၅ ချက်နဲ့၊တောင်းဆိုချက် ၃ ချက်ပါရှိပြီး အဓိက တိုင်တန်းရတဲ့ အချက်တချို့က ရဲဘော်ယဉ်မွန်အောင်ကို တပ်ရေးဗိုလ် ဈာန်ရဲဆိုသူ ဦးဆောင်ပြီး အကြမ်းဖက် ဆွဲထုတ်ကာ (၃) ချက် ရိုက်နှက်ခဲ့ကြောင်း၊ “ပြည်သူ့စစ်သား” လို့လည်း အော်ခိုင်းခဲ့ကြောင်း၊ သတိလစ်တဲ့အထိ နာရီပေါင်းများစွာ ဒဏ်ပေးခံရပြီး ယောက်ျားလေးအကျဉ်းသားတွေနဲ့အတူ (၃) ရက်ကြာ ခြောက်ပေါက်ချုပ်နဲ့ ချုပ်နှောင်ခံခဲ့ရကြောင်း၊ ချုပ်ရက်ပြည့်တဲ့နေ့မှာ ထပ်မံရိုက်နှက်ခြင်း ခံခဲ့ရကြောင်း၊ ဖုန်းနဲ့ မှတ်ပုံတင်စာအုပ် သိမ်းဆည်းခံထားရပြီး မိသားစုနဲ့ ဆက်သွယ်ခွင့် မပြုခဲ့ကြောင်း စသဖြင့်ပါရှိပါတယ်။

တပ်ရင်းမှူးရဲ့ ဥပဒေမဲ့ဖိနှိပ်မှုနဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုတွေကို စုံစမ်းစစ်ဆေး အရေးယူပေးဖို့ တောင်းဆိုတာကြောင့် လုံခြုံရေးနဲ့ တရားမျှတမှု အရေးတကြီး အကူအညီလိုအပ်နေတဲ့အတွက် အခုလို အိတ်ဖွင့်စာကို ကာကွယ်ရေးဝန်ကြီးဌာနဆီ SHIELD အမျိုးသမီးအဖွဲ့အစည်းက ကိုယ်စားတင်ပြပေးရခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
တောင်းဆိုချက်တွေ အနေနဲ့လည်း နစ်နာသူ ရဲဘော်ယဉ်မွန်အောင်ကို လုံခြုံတဲ့နေရာမှာ ယာယီခိုလှုံခွင့်နဲ့ လူမှုရေးအထောက်အပံ့တွေပေးဖို့၊ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်သူတွေကို စုံစမ်းစစ်ဆေးကာ ဥပဒေအရ အရေးယူပေးဖို့နဲ့ လိုအပ်ပါက ဆေးကုသမှုနှင့် စိတ်ကျန်းမာရေးဝန်ဆောင်မှုတွေပါ ချိတ်ဆက်ကူညီပေးဖို့ တောင်းဆိုထားပါတယ်။

SHIELD အမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက “အပြစ်ပေးသူက အမျိုးသားရဲဘော်တွေပါ။ အမျိုးသားတစ်ယောက် အားနဲ့ ရိုက်နှက်မှုတွေကို အမျိုးသမီးရဲဘော်တစ်ယောက် ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိစ္စပါ။ အခု ရဲဘော်ယဉ်မွန်အောင်က အမြန်နေရာရွှေ့ပြီး ထွက်လာနိုင်ခဲ့လို့ အခုလိုမျိုး ကျွန်မတို့နဲ့ချိတ်ဆက်ပြီး သူရဲ့ နစ်နာမှုတွေ ပြောနိုင်တာပေါ့နော်။ အခုအချိန်မှာတော့ လုံခြုံတဲ့ နေရာတစ်ခုမှာ ရှောင်တိမ်းနေနိုင်ပါပြီ”လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။