၂၀. ၁. ၂၀၂၃
Written by Ye Kyaw
မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ဇန်နဝါရီ ၁၉ ရက်တွင် ရန်ကုန်-မန္တလေးရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းသို့ သွားရောက်ခဲ့စဥ် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
“ရထားပို့ဆောင်ရေးကဏ္ဍ ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဦးစားပေးလုပ်ငန်းအလိုက် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး စီမံကိန်းအဆင့်(၁)၏ ပဲခူး-ညောင်လေးပင်လမ်းပိုင်း (CP-102) စီမံကိန်းဆောင်ရွက်လျက်ရှိပြီး အပိုင်းလိုက် စီမံကိန်းလုပ်ကွက်များ လျာထားသည့် သတ်မှတ်ကာလအလိုက် အချိန်မီ ပြီးစီးနိုင်ရေးအတွက် ကြီးကြပ်ဆောင်ရွက်ရေးနှင့် ပွင့်လင်းရာသီတွင် ပြီးစီးမှုရာခိုင်နှုန်း သိသာစွာတိုးတက်စေရေးတို့ကို အဓိကထားဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ရထား ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိသည့်အတွက် လျှပ်စစ်ဓာတ်အားသုံး မီးရထားစက်ခေါင်းများ ထုတ်လုပ်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဒီဇင်ဘာ ၂၁ ရက်တွင် မြန်မာ့မီးရထား စက်ခေါင်း စက်ရုံ(အင်းစိန်)မှ ဝန်ထမ်းများနှင့် သွားရောက်တွေ့ဆုံစဥ် SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ယင်းကဲ့သို့ လျှပ်စစ်ရထား ပြေးဆွဲနိုင်မည့် အခွင့်အလမ်းများ များစွာရှိသော်လည်း နိုင်ငံအတွင်း၌ရှိသည့် သယံဇာတအရင်းမြစ်များမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် အခြေအနေများသည် အကြောင်းအမျိုးမျိုးကြောင့် အောင်မြင်မှုမရှိခဲ့ကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ၏ရှိရင်းစွဲ သယံဇာတအရင်းအမြစ်များကို အကျိုးရှိရှိ အသုံးချနိုင်မည်ဖြစ်သဖြင့် နိုင်ငံရေးအရ အားပြိုင်မှုများ၊ သွေးထိုးလှုံ့ဆော်မှုများကြောင့် နိုင်ငံ့အတွက် အကျိုးရှိမည့် စီမံကိန်းများ ဆောင်ရွက်နေမှုကို ကန့်ကွက်နေမှုများကို စဥ်းစားဆောက်ရွက်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။