
၂၆.၃.၂၀၂၅
Translated by Htwe Ko Tun
ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာ အပေါ် အယုံအကြည်မရှိဆိုတဲ့ အတိုက်အခံတွေရဲ့ သဘောထားအဆိုပြုချက်ကို ထိုင်းလွှတ်တော်မှာ မတ်လ ၂၄ ရက်နဲ့ မတ်လ ၂၅ ရက်တို့မှာ အချေအတင် စကားစစ်ထိုးခဲ့ကြပြီးတဲ့နောက်အောက်လွှတ်တော်မှာ မတ်လ ၂၆ ရက်မှာ မဲခွဲခဲ့ကြရာမှာတော့ အမတ်အများစုက အဆိုပြုချက်ကို ကန့်ကွက်ခဲ့ကြတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ဝန် မူဟာမက် နို မာသာက အောက်လွှတ်တော်အမတ် ၄၈၇ ဦးနဲ့ မတ်လ ၂၆ ရက် နံနက် ၁၀ နာရီမှာ အောက်လွှတ်တော်အစည်းအဝေးကို စတင်ခဲ့ပါတယ်။ တက်ရောက်လာတဲ့ အမတ်တွေက အတိုက်အခံတို့ တင်သွင်းပြီး နှစ်ရက်ကြာစစ်ထိုးခဲ့ကြတဲ့ ဝန်ကြီးချုပ်ပေတုံတန်ကို အယုံအကြည်မရှိအဆိုကို မဲခွဲရာမှာ ၃၁၉ မဲက ကန့်ကွက်မဲပေးခဲ့ကြပြီး ၁၆၂ ဦးက ထောက်ခံကာ ခုနစ်ဦးက မဲမပေးဘဲကြားနေခဲ့ကြလို့ အတိုက်အခံတို့ရဲ့ အယုံအကြည်မရှိအဆိုက ရှုံးနိမ့်ခဲ့တယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ်အပေါ် ဝေဖန်ပြစ်တင်ခဲ့တဲ့အဆိုမှာ အတိုက်အခံတွေက ဝန်ကြီးချုပ်အနေနဲ့ အသိဉာဏ်ပညာ ပြည့်ဝမှုမရှိဘဲ ဝန်ကြီးချုပ်နေရာကို တာဝန်ထမ်းဆောင်ဖို့ ရင့်ကျက်မှုနဲ့ နိုင်ငံရေးဆန္ဒတို့လည်း လိုအပ်သေးတယ်လို့ စွပ်စွဲပြောကြားခဲ့တာပါ။
အတိုက်အခံလွှတ်တော်အမတ်တွေကပေတုံတန်ရဲ့ အစိုးရဟာ ဓာတ်အားခကြီးမြင့်မှုနဲ့ လယ်မြေဈေးနှုန်း နိမ့်ကျမှုတို့လို အဓိကအရေးကြီးတဲ့ပြဿနာတွေကိုလည်း မဖြေရှင်းနိုင်ဘဲ စီးပွားရေးကို အထောက်အကူ ဖြစ်စေဖို့ လှုံ့ဆော်ပေးနိုင်မှာမဟုတ်ဘူးလို့ သတိပေးချက်တွေရှိပေမယ့် ဒစ်ဂျစ်တယ်ငွေကြေးဆိုင်ရာမူဝါဒကို ဆက်လုပ်ခဲ့တယ်လို့လည်း ပြောခဲ့ကြပါတယ်။
ဒါ့ပြင် ပေတုံတန်ရဲ့ ညွန့်ပေါင်းအစိုးရက ဝန်ကြီးချုပ်ရဲ့ဖခင်ဖြစ်တဲ့ ယခင် ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ထရာရဲ့ လွှမ်းမိုးမှုရှိနေတယ်လို့လည်း အတိုက်အခံအမတ်တွေက ပြောခဲ့ကြပါတယ်။
အတိုက်အခံတွေက ဝန်ကြီးချုပ် ပေတုံတန်ကို ဆွေမျိုးတွေဆီက ဘတ်ဘီလျံနဲ့ ချီတဲ့ အစုရှယ်ယာ တွေလက်ခံတာ၊ လက်ဆောင်အခွန်ပေးဆောင်ခြင်းမရှိဘဲ လက်ဆောင်ပစ္စည်းတွေကို လက်ခံတာတွေ လည်းလုပ်ခဲ့တယ်လို့စွပ်စွဲပြီး အယုံအကြည်မရှိအဆို တင်သွင်းခဲ့ကြတာပါ။
Ref- Bangkok Post