
၂၆.၃.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ကိုယ်စားလှယ်အဖွဲ့ဟာ ရုရှားနဲ့ ယူကရိန်းတာဝန်ရှိသူတွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာတော့ နှစ်ဖက်စလုံးက ပင်လယ်နက်ဒေသအတွင်းနဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံတို့ကို လွှမ်းခြုံတဲ့ အပစ်အခတ်ရပ်စဲရေးကို နှစ်ဖက်စလုံးက မတ်လ ၂၅ ရက်မှာ သဘောတူခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့မှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့တာဝန်ရှိသူတွေက ရုရှားနဲ့ ယူကရိန်း နှစ်ဖက်စလုံးနဲ့ သီးခြားစီတွေ့ဆုံခဲ့အပြီးမှာတော့ ဒီသတင်းထွက်ပေါ်လာခဲ့တာပါ။ ဒီသဘောတူညီချက်က ယူကရိန်းစစ်ပွဲမှာ ပိုမိုကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိဖို့ ပထမခြေလှမ်းတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်ယူကရိန်းမှာတော့ အခြေခံအရ အများကြီးပြောင်းလဲဦးမှာမဟုတ်ဘဲ တားဆီးဖို့လို့ ကျွမ်းကျင်သူတွေက သတိပေးခဲ့ကြပါတယ်။
ယူကရိန်းကာကွယ်ရေးဝန်ကြီး ရပ်စတင် ယူမီရော့ဗ်က ယူကရိန်းအနေနဲ့ ပင်လယ်ရေကြောင်းသွားလာရေး လုံခြုံစိတ်ချမှုရှိဖို့၊ စစ်အင်အားအသုံးပြုမှုကို ရပ်ဆိုင်းဖို့နဲ့ အရပ်ဘက်သင်္ဘောတွေကို စစ်ရေးရည်ရွယ်ချက်တွေနဲ့ အသုံးပြုတာကို တားဆီးဖို့ သဘောတူပါတယ်လို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် ရုရှားဘက်က လုံးဝအပစ်အခတ်ရပ်စဲရေးက ရုရှားရဲ့ ဓာတ်မြေဩဇာနဲ့ အစားအစာကုမ္ပဏီတွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူတာကို ဖယ်ရှားဖို့နဲ့ ရုရှားနိုင်ငံကို SWIFT ငွေပေးချေမှုစနစ်ကို ဝင်ရောက်ခွင့်ပေးရေး အာမခံမှုတို့အပေါ် တည်တယ်လို့ ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးကတော့ ရရှိခဲ့တဲ့အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်က ချက်ချင်းသက်ရောက်မှုရှိမယ်လို့ ယုံကြည်တယ်လို့ ပြောခဲ့ပြီး ရုရှားအစိုးရအနေနဲ့ ငြိမ်းချမ်းရေးရဖို့ အမျိုးမျိုး လှည့်ဖြားရှောင်တိမ်းနေတယ်လို့လည်း စွပ်စွဲခဲ့ပါသေးတယ်။
အိမ်ဖြူတော်ကထုတ်ပြန်တဲ့ ကြေညာချက်တစ်ခုမှာတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ ရုရှားရဲ့ လယ်ယာစိုက်ပျိုးရေးနဲ့ ဓာတ်မြေဩဇာပို့ကုန်တွေ ကမ္ဘာ့ဈေးကွက်မှာ ပြန်လည်ဝင်ရောက်နေရာရရှိဖို့ အမေရိကန်အစိုးရက ကူညီသွားမယ်လို့ ဖော်ပြခဲ့ပါတယ်။ သမ္မတထရန့်ကလည်း သူ့ရဲ့အစိုးရအနေနဲ့ ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ ရုရှားရဲ့တောင်းဆိုချက်ကို စစ်ဆေးမှုပြုနေတယ်လို့ ပြောခဲ့ပါတယ်။
အမည်မဖော်လိုတဲ့ ယူကရိန်းအစိုးရအဆင့်မြင့်အရာရှိကြီးတစ်ဦးကတော့ ပင်လယ်ရေကြောင်းသွားလာမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေးရဖို့ ရုရှားကို ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးရမယ်ဆိုတာ သဘောမတူဘူးလို့ ပြောခဲ့ပါသေးတယ်။ ယူကရိန်းဘက်ကတော့ ပိတ်ဆို့မှုရုပ်သိမ်းပေးရအောင် ရုရှားက ဘာမှမလုပ်ခဲ့သေးဘူးလို့ ပြောခဲ့ကြပါတယ်။
ပင်လယ်နက်ဒေသဆိုင်ရာအပစ်အခတ်ရပ်စဲရေး အတွက် စည်းမျဉ်းသတ်မှတ်ချက်တွေက မသေမချာ ဖြစ်နေသေးပေမယ့် ရုရှားအစိုးရက စွမ်းအင်ဆိုင်ရာအဆောက်အအုံတွေကို တိုက်ခိုက်မှုကိုတော့ ဧပြီလ ၁၇ ရက်အထိ ရပ်ဆိုင်းထားမယ်လို့အတည်ပြုခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးကရေနံချက်စက်ရုံတွေ၊ ဓာတ်ငွေ့ပိုက်လိုင်းတွေ၊ ဓာတ်အားခွဲရုံတွေ၊ နျူကလီယားစွမ်းအင်စက်ရုံတွေနဲ့ ရေအားလျှပ်စစ်စက်ရုံတွေပါ အကျုံးဝင်တယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။
Sky News သတင်းဌာနရဲ့ လုံခြုံရေးဆိုင်ရာ အကဲဖြတ်သုံးသပ်သူ မိုက်ကယ်ကလတ်ခ်ကတော့ ပင်လယ်နက်ဒေသဆိုင်ရာအပစ်အခတ်ရပ်စဲရေးရရှိလို့ အမေရိကန်အနေနဲ့ ဂုဏ်ယူမော်ကြွားနိုင်မှာဖြစ်ပေမယ့် ယူကရိန်းမှာတော့ အခြေခံအားဖြင့်ကြီးကြီးမားမား မပြောင်းလဲနိုင်ပါဘူးလို့ ဝေဖန်ခဲ့ပါတယ်။
Ref- Sky News