
၂၆.၃ .၂၀၂၅
Written by Hey Mar
အလုပ်အကိုင် အခွင့်အလမ်းသာတဲ့မြို့ စီးပွားရေးမြို့တော်တစ်ခုအဖြစ် နာမည်ကြီးတဲ့ ထိုင်း-မြန်မာနယ်စပ်မြို့ တာချီလိတ်မှာ ဒီနောက်ပိုင်း လုယက်ဓားပြတိုက်မှုတွေ၊ ခိုးမှုတွေ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားလာနေတယ်လို့ တာချီလိတ်မြို့မှာ အနေကြာတဲ့ ရန်ကုန်ကနေ ရွှေ့ပြောင်းနေထိုင်သူတစ်ဦးက ဆိုပါတယ်။
ဒီနေ့ မတ်လ ၂၆ ရက်နေ့ မနက် ဆယ်နာရီဝန်းကျင်ကလည်း သင်တန်းတက်ရောက်ဖို့ သွားတဲ့ အသက်နှစ်ဆယ်ဝန်းကျင် မိန်းမငယ်တစ်ဦး ဆိုင်ကယ်လုယက်ခံရတဲ့ဖြစ်စဉ်မှာ ဒဏ်ရာတွေရရှိခဲ့တဲ့ သတင်းတစ်ခု ဒေသခံတွေရဲ့ လူမှုကွန်ရက်မှာ ပျံ့နှံ့လာပြန်ပါတယ်။

ဖြစ်စဉ်ဖြစ်ပွားတဲ့ နေရာက တာချီလိတ်မြို့ လွယ်စတုံရပ်ကွက်မှာလို့ သိရပါတယ်။ တရုတ်စာသင်တန်းတက်ရာက်ဖို့ ထွက်လာတဲ့ ရေနံချောင်းကနေ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးငယ်က သူနေထိုင်ရာ ရပ်ကွက်ဖြစ်တဲ့ လွယ်စတုံကနေ အထွက်မှာတင် အိမ်နဲ့ ငါးမိနစ်စာခန့် အကွာအဝေးသာရောက်ရှိသေးတဲ့အချိန်မှာ သူ့နောက်က ဆိုင်ကယ်နှစ်စီးနဲ့ အမျိုးသားလေးဦး လိုက်ပါလာပြီး သူလွယ်ထားတဲ့အိတ်ကို စောင့်ဆွဲတာကြောင့် ဆိုင်ကယ်ပေါ်က ပြုတ်ကျကာ ဒဏ်ရာတချို့ရရှိပြီး ဆေးကုသမှု ခံယူနေရတယ်လို့ ဆိုပါတယ်။
လုယက်ခံရသူ အမျိုးသမီးငယ်ရဲ့ အမကို MT News က ဆက်သွယ်မေးမြန်းရာမှာ “ညီအမသုံးယောက် အတူသွားနေကြ။ ဒီမနက်ရောက်တော့ တူတူသွားမယ်စောင့်ဆိုပြီးပြောတာကို ညီမသွားနှင့်မယ်ဆိုပြီး သူအရင်ထွက်သွားတာ။ တစ်ယောက် တည်းပဲမောင်းပြီး အမတို့က သူနဲ့ရှေ့ဆင့်နောက်ဆင့် မောင်းပီးလိုက်ထွက်သွားတယ်။ ဒါပေမယ့် မမီလိုက်ဘူး။ ညီမလေးပြောတာတော့ ဆိုင်ကယ်နှစ်စီးနဲ့ ယောကျ်ားလေး လေးယောက် လွယ်ထားတဲ့လွယ်အိတ်ကို လာဆွဲတယ်ပြောတာပဲ။ ညီမလေးဆိုင်ကယ် လဲသွားတာ လက်နှစ်ဖက်စလုံးဒဏ်ရာရ၊ ခြေထောက်လည်း ဒဏ်ရာရ။ နဖူးလည်းရတယ်၊ သွားပါကျိုးသွားသေးတယ်။ လဲနေတဲ့ချိန်မှာ လာလုသေးတယ်တဲ့။ နောက်မှာဆိုင်ကယ်တွေလာနေတာတွေ့တော့ ထွက်ပြေးသွားတယ်ပြောတယ်။ အဲဒါကြောင့် ဆိုင်ကယ်လည်း မပါသွားဘူး။ လွယ်အိတ်လည်း မပါသွားဘူး။ ညီမလေးတော့ အခု သွားဆေးခန်းမှာ ရောက်နေပါတယ်။ ဖြစ်သွားတဲ့နေရာလေးက ရွှေလွယ်စတုံဆီပန့်မရောက်ခင် ဘုန်းကြီးကျောင်းရှိတယ်လေ။ အဲဒီနားမှာက နေ့လယ်ခင်းလည်း လူပြတ်တယ်လေ” လို့ ပြန်လည်ဖြေကြားပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်ဝန်းကျင်လေးကတင် တာချီလိတ်မှာပဲ လမ်းဘေးမုန့်ဆိုင်ကနေ မုန့်ထိုင်စားပြီးထွက်လာတဲ့ အမျိုးသမီးကြီးတစ်ဦး ဓားထောက်လုယက်ခံထားရသေးတာပါ။ အဲ့ဒါက ပါလျှံ (၂)ရပ်ကွက်မှာ ဖြစ်ပွားတာပါ။ တာချီလိတ်မြို့မှာ အိမ်တိုင်းလိုလိုက အနည်းဆုံး CCTV နှစ်လုံးခန့်တော့ တပ်ဆင်ထားတတ်ကြတယ်လို့လည်း မြို့ခံတစ်ဦးက ဆိုပါတယ်။
“အိမ်တိုင်း လမ်းတိုင်း CCTV ရှိတယ်။ တို့အိမ်ဆို လမ်းထိပ်မို့ လေးဘက်လေးတန် မြင်ရအောင် တပ်ထားရတယ်။ မတပ်ဖူးဆိုတဲ့ အိမ်က အနည်းလေး နှစ်လုံးပဲ။ သူ့အိမ်က မဖမ်းမိရင် ကိုယ့်အိမ်က CCTV က ဖမ်းမိတာပဲ။ ဖမ်းလည်း ဖမ်းမိတာပဲရှိတာ၊ တရားခံကိုက ဖမ်းချင်မှ ဖမ်းတာ” လို့ ဒေသခံ လူမှုကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး ရပ်ကွက်အတွင်း ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဆိုပါတယ်။
တာချီလိတ်မြို့မှာ အကြီးစားဖြစ်စဉ်တွေအဖြစ်မနှစ်က ဒီဇင်ဘာလအတွင်း ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူ အသက်ခုနစ်ဆယ်ကျော် အမျိုးသားကြီး ကားတင်ပြေး ပြန်ပေးဆွဲခံရတာမှာ ရဲတပ်ဖွဲ့နဲ့ကျူးလွန်သူတွေနဲ့ ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားပြီးအသေပစ်ခတ် ဖမ်းဆီးခဲ့ရတာနဲ့ နိုဝင်ဘာလအတွင်းကလည်း ဖုန်းဆိုင်အတွင်း ဝင်ရောက်အနုကြမ်းစီးပစ်ခတ်လုယက်မှုမှာ ဝန်ထမ်းအမျိုးသမီးငယ်သေဆုံးမှု ဖြစ်စဉ်အတွင်း တရားခံတွေကို လိုက်လံဖမ်းဆီးရာမှာ ပြန်လည်ခုခံ ပစ်ခတ်လို့ အသေပစ်ခတ် ဖမ်းဆီးခဲ့ရတာတွေ ရှိခဲ့ပါသေးတယ်။
တာချီလိတ်မြို့မှာ အနေကြာနေပြီဖြစ်တဲ့ ရွှေ့ပြောင်းနေထိုင်သူ အမျိုးသမီးက”မျက်စိရှေ့တင်ဖြစ်တာတွေလည်းရှိတယ်။ ပေါ်တင်ပဲ ကားဘက်မှန် ရိုက်ချိုးသွားတာမျိုးလည်းကြုံဖူးတယ်။ သိလည်းမသိ ရန်လည်းမရှိဘဲ ကြုံရတာ။ တခြားရပ်ကွက်၊ လမ်းကြိုလမ်းကြားတွေမှာလည်း ဒီလိုဖြစ်ရပ်တွေ တောက်လျှောက်ကြားနေရတာပဲ။ တာချီလိတ်က အရင်လို စီးပွားရေးကမကောင်းတော့ဘူး။ ရွှေ့ပြောင်းလုပ်သားတွေက များလာတယ်။ လူငယ်အများစု မူးယစ်သောက်စားနေတယ်။ အဲဒီမှာ ဒီလို ဖြစ်ရပ်တွေ ဖြစ်လာတာပဲ”လို့ သူက ဆိုပါတယ်။
တာချီလိတ်မှာ ညမထွက်ရအမိန့်က သုံးလတစ်ကြိမ် သက်တမ်းတိုးနေပေမယ့် အသက်မဝင်တာတွေကြောင့်လည်း သူခိုးအန္တရာယ်က ဒီနှစ်ပိုင်းတွေအတွင်း ပိုမိုပူလာတာလို့ ဒေသခံတချို့က သူတို့ နေထိုင်ရတဲ့ မလုံခြုံမှုတွေကို MT News ကို ပြောပါတယ်။