
တောမီးငြှိမ်းသတ်နေသော မီးသတ်ရဟတ်ယာဉ်ပျက်ကျ၍ အသက် ၇၃ နှစ်ရှိ ရဟတ်ယာဉ်မှူးသေဆုံး
၂၆.၃.၂၀၂၅.
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံ၊ အရှေ့တောင်ပိုင်းမှာ တောမီးလောင်ကျွမ်းမှုတွေကြောင့် သေဆုံးရသူအရေအတွက်မှာ မတ်လ ၂၆ ရက် နံနက်အထိ အနည်းဆုံး ၁၈ ဦးရှိသွားပြီဖြစ်ပြီး တစ်ဦးမှာပျောက်ဆုံးနေတယ်လို့ သစ်တောအရာရှိတွေကပြောခဲ့ကြသလို မီးသတ်တပ်ဖွဲ့ဝင်တွေဟာလည်း လျင်မြန်စွာပျံ့နှံ့နေတဲ့ တောမီးကို ထိန်းချုပ်နိုင်ဖို့ ခက်ခဲစွာကြိုးပမ်းနေကြရတယ်လို့ သိရပါတယ်။

မီးက ဂျုံဆန်ပြည်နယ်တောင်ပိုင်း၊ ဆန်ချုံခရိုင်မှာ မတ်လ ၂၁ ရက်က စတင်လောင်ကျွမ်းခဲ့တာပါ။ ပြင်းထန်ခြောက်သွေ့တဲ့လေတွေတိုက်ခတ်မှုကြောင့် အိမ်နီးချင်းခရိုင်တွေကိုပါ မီးကကူးစက်လောင်ကျွမ်းနေတယ်လို့ သိရပါတယ်။ မတ်လ ၂၁ ရက်က စလို့ မီးသတ်တပ်ဖွဲ့ဝင်တွေအပြင် စစ်သည် ၅,၀၀၀ ခန့်ပါ ချထားပြီး ရဟတ်ယာဉ် ၁၄၆ စီးအသုံးပြုကာ တောမီးကိုငြှိမ်းသတ်နေကြတယ်လို့ သိရပါတယ်။

မတ်လ ၂၆ ရက်၊ မွန်းလွဲ ၁၂ နာရီ ၅၄ မိနစ်မှာ ရဟတ်ယာဉ်မှူးတစ်ဦးမောင်းလာတဲ့ တောမီးငြှိမ်းသတ်မှုမှာ ပါဝင်ဆောင်ရွက်နေတဲ့ မီးသတ်ရဟတ်ယာဉ်တစ်စီးဟာ ယူအိဆုန်ခရိုင်အတွင်းပျက်ကျရာမှာ အသက် ၇၃ နှစ်ရှိ ရဟတ်ယာဉ်မှူးအသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ပျက်ကျသွားတဲ့ရဟတ်ယာဉ်က S-76 အမျိုးအစားဖြစ်ပြီး ရေ ၁,၂၀၀ လီတာသယ်ဆောင်နိုင်တယ်လို့ ဆိုပါတယ်။ ရဟတ်ယာဉ်ပျက်ကျရတာရဲ့ အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။
ဒါ့ပြင် တောမီးလောင်ကျွမ်းမှုကြောင့် ဒဏ်ရာရသူ ၁၀ ဦးခန့် ရှိသွားပြီဖြစ်ပြီး နှစ်ဦးမှာဒဏ်ရာပြင်းထန်တယ်လို့လည်း တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။

တောမီးကြောင့် သစ်တောဧရိယာ ၁၇,၀၀၀ ဟက်တာခန့် မီးလောင်ပျက်စီးခဲ့ရပြီဖြစ်ပြီး အိမ်နဲ့စက်ရုံ ၂၀၉ လုံး တောမီးလောင်ခဲ့ရပြီလို့ သိရပါတယ်။
Ref- Yonhap News