၂၀. ၁. ၂၀၂၃
Written by Nay Moe
အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျယ်လိမြို့တွင်ကွယ်လွန်ခဲ့သည့် ဒေါ်ရိုစီအောင်(ခ) ဒေါ်ဌေးဌေးဝင်းမှာ လူမှုကွန်ရက်တွင် ဝေဖန်နေသလို လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်မဟုတ်ဘဲ နှလုံးရောဂါနှင့် ကွယ်လွန်ခြင်းသာဖြစ်ကြောင်း မိသားစုက ပြန်လည်ဖြေရှင်းသည်။
”ကျွန်မတို့အမေက ရုတ်တရက်နှလုံးရပ်ပြီးဆုံးတာပါ။ သူ့နှလုံးကလည်းစက်တပ်ထားရတာပါ။ သွေးတိုး၊ ဆီးချိုရောရှိတဲ့အတွက် ရုတ်တရက်နှလုံးရပ်ပြီး သေဆုံးတယ်လို့ ဆေးရုံကအကြောင်းပြန်ထားပါတယ်။ လိုအပ်တဲ့အထောက်အထားတွေ ကျွန်မတို့ရအောင်ယူသွားမှာပါ။ တချို့သတင်းအမှား တင်နေတဲ့အပေါ်မှာ ဖြေရှင်းပြချင်းဖြစ်ပါတယ်”ဟု ဒေါ်ရိုစီအောင်၏ ချွေးမဖြစ်သူ ဒေါ်မြတ်သွင်သွင်အေးက MT News သို့ ပြောသည်။
အသက် ၆၄ နှစ်ခန့်တွင် ကွယ်လွန်ခဲ့သူ ဒေါ်ရိုစီအောင်မှာ ဦးသန့်အရေးအခင်းတွင် ဖမ်းဆီးခံရသူခေါင်းဆောင် ၅၂ ဦးအနက် တစ်ဦးဖြစ်ပြီး ၂၀၂၁ နွေဦးတော်လှန်ရေးကာလအတွင်း သူမ၏ နိုင်ငံရေးဆိုင်ရာအမြင်များကို Live လွှင့်ပြောကြားမှုများကြောင့် ဘက်နှစ်ဖက်စလုံးမှာ ဝေဖန်ခံခဲ့ရသူဖြစ်သည်။ ထို့ကြောင့် ဒေါ်ရိုစီအောင်၏ ကွယ်လွန်မှုအပေါ် နိုင်ငံရေးအရ သတင်းမှားလွှင့်အမြတ်ထုတ်သူများ ဆက်မလုပ်စေချင်ကြောင်း သားဖြစ်သူကိုအဏ္ဏဝါကျော်ထွဋ်က တောင်းဆိုသည်။ သားသမီးများအပေါ် မိခင်တာဝန်ကျေပြွန်ခဲ့သည့် ဒေါ်ရိုစီအောင်မှာ နှလုံးစက်တပ်ထားရသည့်အပြင် သွေးတိုး၊ ဆီးချိုများလည်းရှိသူဖြစ်ပြီး လက်ရှိဖြစ်စဥ်မှာလည်း တပ်ထားသည့် နှလုံးစက်ရပ်သွား၍ ကွယ်လွန်ရခြင်းဖြစ်ကာ မိသားစုအနေဖြင့်လည်း ထိုဝေဒနာများကို ဆယ်စုနှစ်နှစ်စုခန့် ခံစားနေရသည့် မိခင်ဖြစ်သူအတွက် သားသမီးတာဝန်ကျေပြွန်အောင်ပြုစုပြီးဖြစ်၍လည်း သားသမီးများအနေဖြင့် လက်ရှိအခြေအနေအပေါ် ရင်ဆိုင်နိုင်သည်ဟု ကိုအဏ္ဏဝါကျော်ထွဋ်က ဆက်လက်ပြောသည်။
”ကျွန်တော်တို့ညီအကိုတွေက ကျွန်တော်တိုမိခင်ဆုံးရှုံးသွားတဲ့အပေါ်မှာ ပူဆွေးရတယ်။ ဝမ်းနည်းရတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အမေနေမကောင်းတာကြာပြီဆိုတော့ မျှော်လင့်ထားပြီးသားပါ။ နောက်တစ်ချက်က ကျွန်တော်တို့အနေနဲ့ မိခင်အပေါ်မှာ တတ်နိုင်သရွေ့သားသမီးတာဝန်ကျေပြွန်ခဲ့တယ်။ ကျွန်တော်တို့ကိုလည်း သူပေးနိုင်တာအကုန်လုံးနဲ့ တွန်းတင်ပေးခဲ့တယ်။ မိခင်တစ်ယောက်ကွယ်လွန်တာ ဝမ်းနည်းပူဆွေးရပေမဲ့ ဒါကို ရင်ဆိုင်နိုင်ပါတယ်။ ဖြတ်သန်းနိုင်ပါတယ်။ ခက်တာက ဘာလဲဆိုတော့ လူတချို့က ကျွန်တော့်အမေကွယ်လွန်တာကို ယူပြီးတော့ နိုင်ငံရေးခေါင်းစဥ်ပုံတွေယူလာတာပေါ့လေ။ Political Agenda တွေ Promote လုပ်လာတာတွေ့လာရတယ်။ အဲဒါတွေ တွေ့လာရတော့ ကျွန်တော်တို့က ကျွန်တော်တို့ရောက်နေတဲ့နိုင်ငံတွေမှာ မိသားစုတာဝန်တွေထမ်းဆောင်နေရတဲ့ လူတွေဖြစ်တော့ အမေသေဆုံးရတဲ့အပေါ် ပူဆွေးမှုကို ရင်ဆိုင်နိုင်ပါတယ်။ ဒါပေမဲ့ လူတချို့က Political Agenda တင်လုပ်တာမျိုးတော့ မလုပ်စေချင်ပါဘူး” ဟု သားဖြစ်သူ ကိုအဏ္ဏဝါကျော်ထွဋ်က ပြောသည်။
(ဒေါ်ရိုစီအောင် ကွယ်လွန်သည့် ကနဦးသတင်းကို MT News သတင်းဌာနက ဖော်ပြခဲ့ပြီးဖြစ်ပြီး
အောက်ပါလင့်ခ်တွင် ဆက်လက်ဖတ်ရှုနိုင်မည်ဖြစ်သည်။
https://m.facebook.com/story.php?story_fbid=pfbid022h3gv2gf5WdmWQ4J5nNXwwXAv1Bgan6RyCmsBXVKc6PMdGCxjZyGYLoAxH87vXJpl&id=100084427521875&mibextid=Nif5oz )