
ပုံစာ။ တပ်မတော်၏ နေဝန်းနီစစ်ကြောင်းမှူးက TNLA နှင့် PDF များ လက်နက်ချရန် သတိပေးစာ (ဓာတ်ပုံ - ကိုသက်၊ ခိုင်ဇော်)
နောင်ချိုအနီး တိမ်ပင်လယ်ကိုပါ တပ်မတော်ပြန်လည်ထိန်းချုပ်
၂၆. ၃. ၂၀၂၅
Written by Nay Moe
ရှမ်းပြည်နယ်၊ နောင်ချိုမြို့ကို ပြန်လည်ထိန်းသိမ်းရန် တောင်ခမ်းမှ နောင်ချိုသို့ ထိုးဖောက်လာသော တပ်မတော်၏ နေဝန်းနီစစ်ကြောင်းမှူးက နောင်ချိုမြို့ရှိ TNLA/PDF များအား လက်နက်ချရန် သတိပေးစာ ပေးပို့ထားသည်ဟု တပ်မတော်နှင့်နီးစပ်သော သတင်းဌာနများက ယနေ့တွင် ပုံနှင့်တကွ သတင်းဖော်ပြထားမှုအရ သိရသည်။


ယနေ့ မတ်လ ၂၆ ရက်နေ့ ရက်စွဲဖြင့် ရေးသားပေးပို့ထားသည့် သတိပေးစာတွင် “နောင်ချိုမြို့အား မကြာခင်မှာ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တိုက်ခိုက်တော့မှာဖြစ်တဲ့အတွက် နောင်ချိုမြို့အတွင်းရှိ TNLA နှင့် PDF ညီအကိုများအနေနဲ့ ၁။ လက်နက်ချမလား၊ ၂။ အသေခံတိုက်မှာလား ၃။ အသေမခံဘဲ နောင်ချိုကနေ ထွက်သွားမလား၊ လက်နက်ချမယ်ဆိုရင်တော့ အသက်ရှင်ခွင့်ရမှာဖြစ်သလို လက်ကျန်ဘဝကိုလည်း အေးအေးချမ်းချမ်း ဖြတ်သန်းလို့ရမယ်။ တိုက်မယ် (သို့မဟုတ်) နောင်ချိုကနေ ဆုတ်မယ်ဆိုရင်တော့ လက်ကျန်ဘဝကို မသေချာ မရေရာတဲ့ အခြေအနေတစ်ခုနဲ့ ဖြတ်သန်းရမှာဖြစ်တယ်။ ညီအစ်ကို ကြိုက်ရာရွေးပါ။ ဆုံးဖြတ်ချက်မှန်ပါစေလို့ ပြောချင်ပါတယ်။ ဒီစာရပြီး ၃ ရက်အတွင်းအကြောင်းပြန်ပါ။ နေဝန်းနီစစ်ကြောင်းမှူး” ဟု သတိပေးစာတွင် ဖော်ပြထားသည်။
၁၀၂၇ စစ်ဆင်ရေးအပိုင်း (၂) တွင် TNLA နှင့် PDF များက နောင်ချိုမြို့ကို သိမ်းယူပြီးနောက် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဩဂုတ် ၁၀ ရက်ခန့်မှစတင်ကာ နောင်ချိုမြို့အနီးရှိ တောင်ခမ်းကျေးရွာ တပ်မတော်အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် အပါအဝင် တပ်စခန်းများကို စတင်တိုက်ခိုက်ခဲ့သော်လည်း မအောင်ခဲ့သလို အကျအရှုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးနေ၍ တပ်မတော်က လိုက်လံချေမှုန်းပြီးနောက် နောင်ချိုပတ်ပတ်လည်ရှိ TNLA ခံစစ်စခန်း ၃၀ ကျော်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို ယမန်နေ့ကလည်း တိမ်ပင်လယ်ကို သိမ်းနိုင်ခဲ့သည်။ ထို့အပြင် နောင်ချိုမြို့ကိုလည်း မကြာခဏ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် စစ်ရေးအသာရခဲ့ပြီး ဝိုင်းပတ်ပိတ်ဆို့ထားနိုင်သဖြင့် ယခုအချိန်တွင် နောင်ချိုမြို့မှ TNLA နှင့် PDF များ လက်နက်ချရန်ပါ နေဝန်းနီစစ်ကြောင်းမှူးက သတိပေးလာခြင်းလည်းဖြစ်သည်။


“တောင်ခမ်းထိုးစစ်ဟာ ဂငယ်ပုံစံထိုးစစ်အနေအထားကို ပြောင်းလဲသွား။ တောင်ခမ်းဘက်အဓိကမဟုတ်သေးဘဲ မဲပုတ်ရွာ
တိမ်ပင်လယ်ကို ဦးစားပေးထိုးနေပြီး လက်ရှိ တိမ်ပင်လယ်ကို ရရှိသွားခဲ့ပါပြီ။ တော်လှန်ရေးတပ်တွေ ခံစစ်အနေထားကနေ တဖြည်းဖြည်း နောက်ဆုတ်နေရပါတယ်။ နောက်တစ်ဖက်မှာက တောင်ခမ်း၊ အခြားတစ်ဖက်မှာလည်း ဆမ္မဆယ်ဘက်။ သူတို့ချင်း လက်ချိတ်မိသွားရင် နောင်ချိုဟာ အန္တရာယ်ဇုန်ထဲ ရောက်ရှိပြီလို့ ယူဆလို့ ရပါတယ်”ဟု TNLA ထိန်းချုပ်ထားသော ရွှေဖီမြေမီဒီယာမှ တိုက်ပွဲများအထိပါ သတင်းလိုက်ယူနေသူအယ်ဒီတာ Mai A Naing က TNLA နှင့် PDF များ မြေပြင်တွင် စစ်ရှုံးနေမှုကို ဝန်ခံထားသည်။
ပုံစာ။ တပ်မတော်၏ နေဝန်းနီစစ်ကြောင်းမှူးက TNLA နှင့် PDF များ လက်နက်ချရန် သတိပေးစာနှင့် TNLA/PDF တို့ သိမ်းယူစခန်းချခဲ့ရာ တိမ်ပင်လယ်ကိုတပ်မတော်ကို ပြန်လည်ထိန်းချုပ်မှုပုံရိပ် (ဓာတ်ပုံ – ကိုသက်၊ ခိုင်ဇော်)