
၂၆. ၃. ၂၀၂၅
Written by Nay Moe
ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာမှာ ကြက်တိုက်နေတဲ့လူတစ်စုကို ပဲခူးခရိုင်ရဲတပ်ဖွဲ့ ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ကိုယ်တိုင် ဆင်းဖမ်းရာက အမျိုးသား ၁၃ ဦးနဲ့ တိုက်ကြက်သုံးကောင် ဖမ်းမိခဲ့ကြတာကြောင့် အမှုဖွင့်အရေးယူထားတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။
ဖြစ်စဉ်က ၂၀၂၅ ခုနှစ်၊ မတ်လ ၂၃ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဘုရားကြီးကျေးရွာအနောက်မြောက်ဘက်မှာ ကြက်တိုက်လောင်းကစားပြုလုပ်နေကြောင်း သတင်းအရ ပဲခူးခရိုင်ရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က သွားရောက်ဖမ်းဆီးခဲ့ရာမှာ ကြက်တိုက်လောင်းကစားပြုလုပ်နေတဲ့ ပျဉ်ပုံကြီးကျေးရွာနေ ကျော်နိုင် (၅၂)နှစ်ပါ ၁၃ ဦးကို တိုက်ကြက် ၃ ကောင်နဲ့ ဆက်စပ်ပစ္စည်းတွေ၊ လောင်းကြေးငွေ ၁,၁၃၅,၀၀၀ ကျပ်ခန့်နဲ့ ဖုန်း ၁၀ လုံးအပြင် ဆိုင်ကယ် ၁၉ စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
ဒါကြောင့် ပဲခူးခရိုင်ရဲတပ်ဖွဲ့ဦးဆောင်တဲ့ ပူးပေါင်းအဖွဲ့ကိုယ်တိုင် ဆင်းဖမ်းရာက ဖမ်းမိတဲ့ ကြက်တိုက်လောင်းကစားသူ ကျော်နိုင်ပါ ၁၃ ဦးကို အေးသုခနယ်မြေရဲစခန်းက (ပ)၇/၂၀၂၅၊ လောင်းကစားဥပဒေ ပုဒ်မ ၁၅(က)နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။