
၂၆. ၃. ၂၀၂၅
Written by Nyein Kyaw
ယူနက်စကို (UNSECO) က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပထမဆုံးအကြိမ်ကျင်းပမည့် ယခုနှစ် နေပြည်တော်လမ်းလျှောက်သင်္ကြန်အား နိုင်ငံတကာမှ ဧည့်သည်များ၊ သံတမန်များနှင့် ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များအပြင် သနပ်ခါးသင်္ကြန်နှင့် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကားစွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ သိရသည်။
၂၀၂၅ ခုနှစ် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော် ကာလအတွင်း နေပြည်တော်၌ လမ်းလျှောက်သင်္ကြန် အောင်မြင်စွာကျင်းပနိုင်ရေး နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ယခုနှစ်သည် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို UNSECO က ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းဝင်အဖြစ် အသိအမှတ်ပြုပြီးနောက် ပထမဆုံးအကြိမ် ဂုဏ်ပြုကျင်းပမည့် ပွဲတော်ဖြစ်သည့်အတွက် အနှစ်သာရအားဖြင့် လေးနက်သည့် ပွဲတော်တစ်ခုဖြစ်ကြောင်း ပြောကြားသည်။
ဝန်ကြီးဌာနအလိုက်မဏ္ဍပ်များ အချိန်မီပြီးစီးရေး၊ ရေကစားခြင်း၊ စတုဒိသာကျွေးမွေးခြင်းတို့ လုပ်ဆောင်နိုင်ရေး၊ ဖျော်ဖြေရေးအစီအစဉ်များတွင် အလှည့်ကျပါဝင်နိုင်ရေးတို့အတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြစေလိုကြောင်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
နိုင်ငံတကာမှ ဧည့်သည်များ၊ သံတမန်များ၊ အနုပညာရှင်များ၊ ကိုရီးယားနိုင်ငံမှ K-POP အဆိုတော်များ ပါဝင်ဆင်နွှဲကြမည်ဖြစ်သည့်အတွက် မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဖော်ညွှန်းသည့် ရည်မှန်းချက်နှင့် အနှစ်သာရကို မိမိတို့ဝန်ထမ်းများ၊ ပြည်သူများသိရှိပြီး စည်းကမ်းတကျ ပျော်ပျော်ရွှင်ရွှင် ပါဝင်ဆင်နွှဲနိုင်ရေး ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
နေပြည်တော်လမ်းလျှောက်သင်္ကြန်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက ဇုန် (၁) တွင် ဆောင်ရွက်မည့် မြန်မာ့ရိုးရာအတာသင်္ကြန်နှင့် သနပ်ခါးသင်္ကြန်တို့တွင် ပူးပေါင်းပါဝင်သွားမည်ဖြစ်ကြောင်း ကျင်းပရေးကော်မတီ ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်က ပြောကြားသည်။