
ပြီးခဲ့သည့် ၁၀ နှစ်တာမဟာဗျူဟာအရ ၂၀၂၄ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှု ဒေါ်လာ ၁၀ ဘီလျံအထိ တိုးတက်ရန်ခန့်မှန်းခဲ့သော်လည်း ယင်းကာလအတွင်း တစ်နှစ်လျှင် အများဆုံး ဒေါ်လာ ၅ ဘီလျံကျော်အထိသာ ရရှိခဲ့
၂၆. ၃. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း အထည်ချုပ်တင်ပို့မှု ဒေါ်လာ ၄ ဘီလျံခွဲခန့်သာရှိခဲ့ပြီး ဒေါ်လာ ၅ ဘီလျံအောက် ကျဆင်းသွားခဲ့သော်လည်း မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ကမ္ဘာ့အဝတ်အထည်တင်ပို့မှုတွင် အရေးပါနေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံအထည်ချုပ် လုပ်ငန်းရှင်များအသင်း (MGMA) ၏ ၁၀ နှစ်တာမဟာဗျူဟာ (၂၀၂၅-၂၀၃၄) တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ အထည်ချုပ်ကဏ္ဍသည် ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်မှုပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဒသမ ၀၃ ဘီလျံရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၄ ဒသမ ၄၆ ဘီလျံသို့ ကျဆင်းသွားခဲ့သော်လည်း လျော့ကျခဲ့မှုမှာ မပြောပသောပမာဏဖြစ်၍ မြန်မာ့အထည်ချုပ်လုပ်ငန်းသည် ကမ္ဘာ့အဝတ်အထည်တင်ပို့မှုတွင် အရေးပါနေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၂၄ ခုနှစ်တွင် အထည်ချုပ်တင်ပို့မှု ဒေါ်လာ ၄ ဒသမ ၄၆ ဘီလျံရှိသည့်အနက် နိုင်ငံအလိုက် တင်ပို့မှုတွင် ဥရောပသို့တင်ပို့မှု ၅၃ ရာခိုင်နှုန်းရှိပြီး အများဆုံးဖြစ်သော်လည်း ယခင်နှစ်ထက် တစ်ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အမေရိကသို့တင်ပို့မှု ၅ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းကျဆင်းခဲ့သလို ဗြိတိန်နိုင်ငံ (UK)သို့ တင်ပို့မှု ၄ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းကျဆင်းသွားခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော် ဂျပန်နိုင်ငံသို့ တင်ပို့မှု ၂၅ ရာခိုင်နှုန်းရှိပြီး ဒုတိယအများဆုံးဖြစ်သလို ယခင်နှစ်ထက် ၁ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ တောင်ကိုရီးယားနိုင်ငံသို့ တင်ပို့မှု ၁၀ ရာခိုင်နှုန်းရှိပြီး ယခင်နှစ်ထက် ၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သလို အခြားနိုင်ငံများသို့ တင်ပို့မှု ၃ ရာခိုင်နှုန်းရှိခဲ့ပြီး ယခင်နှစ်ထက် ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၏ ပြီးခဲ့သည့် ၁၀ နှစ်တာမဟာဗျူဟာ (၂၀၁၅-၂၀၂၄) အစီအစဉ်အရ ၂၀၁၅ ခုနှစ်ရှိ အထည်ချုပ်ကဏ္ဍတစ်ခုလုံး ခန့်မှန်းထုတ်လုပ်မှုတန်ဖိုး ဒေါ်လာ ၉၁၂ သန်းမှ ၂၀၂၄ ခုနှစ်တွင် ဒေါ်လာ ၈ ဘီလျံမှ ၁၀ ဘီလျံအထိ တိုးတက်လာရန် ခန့်မှန်းဆောင်ရွက်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ်၊ ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွက် မြန်မာ့အထည်လိပ်နှင့် အဝတ်အထည်များ ပြည်ပနိုင်ငံများသို့ တင်ပို့ရောင်းချမှု သိသိသာသာတိုးတက်ခဲ့ပြီး အထူးသဖြင့် ၂၀၁၉ ခုနှစ်မှ ၂၀၂၁ ခုနှစ်အတွင်း ထင်ရှားစွာတိုးတက်ခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ပို့ကုန်တန်ဖိုး ဒေါ်လာ ၅ ဘီလျံကျော်သို့ ရောက်ရှိခဲ့သည်။
သို့သော် ၂၀၂၀ ပြည့်နှစ်မှစတင်၍ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ့အထည်ချုပ်ကဏ္ဍ တည်ငြိမ်စေရန်သာ အဓိကကြိုးပမ်းဆောင်ရွက်ခဲ့ရသဖြင့် မျှော်မှန်းခန့်မှန်းထားသည့် အထည်ချုပ် ပို့ကုန်တန်ဖိုး ဒေါ်လာ ၈ ဘီလျံမှ ၁၀ ဘီလျံအထိ ရောက်ရှိအောင် မဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။