
ပုံစာ- Express ယာဥ်ကို ဝင်တိုက်သော Hilux Revo ယာဥ် ခေါင်းကြေနေမှုမြင်ကွင်း (ဓာတ်ပုံ - အမြန်လမ်းမီးသတ်တပ်ဖွဲ့)
အမျိုးသား ၃ ဦး အသက်အန္တရာယ်စိုးရိမ်ရသည်ထိ ဒဏ်ရာ ပြင်းထန်
၂၆.၃.၂၀၂၅
Written By Zun
ခရီးသည်ယာဉ်နှစ်စီး ဘီးပေါက်၍ လမ်းဘေးရပ်ထားသည်ကို အခြားယာဉ်များဝင်တိုက်မိ၍ အမျိုးသား ၈ ဦး ထိခိုက်ဒဏ်ရာရမှု အမြန်လမ်းပေါ်တွင် ယမန်နေ့ မတ်လ ၂၅ ရက်နှင့် ယနေ့ မတ်လ ၂၆ ရက် နံနက်က ဖြစ်ပွားခဲ့ကြရာ အမျိုးသား ၇ ဦး ထိခိုက်ဒဏ်ရာရသည့်အထဲမှ ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။


ပထမ ဖြစ်စဉ်မှာ ယမန်နေ့ မတ်လ ၂၅ ရက် နံနက် ၄ နာရီအချိန်ခန့်က ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ်(၈၅/၁-၂) ဖာလုံကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ မောင်းနှင်လာသော YUTONG အမျိုးအစား ဖြူနက်ကြားရောင် Express ခရီးသည်ယာဉ်မှာ လက်ယာဘက်နောက်ဘီးပွင့်ထွက်၍ နောက်အပေါ်အောက် စုံမီး နှင့် ယာဉ်၏နောက်ပေ ၃၀ ခန့်အကွာတွင် အတားအဆီးများချ ရပ်တန့်ထားစဉ်၊ လားရာတူနောက်မှ မောင်းနှင် လာသော Toyota Hilux Revo အမျိုးစား(အဖြူရောင်)ယာဉ်က အခင်းဖြစ်နေရာအရောက် ယာဉ်မောင်း အိပ်ငိုက်ကာ အရှိန်မထိန်းနိုင်ဘဲ နောက်မှဝင်ရောက်မိရပ်တန့်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာဉ်မတော်တဆမှုကြောင့် Express ယာဉ်မောင်းနှင်သူနှင့် ယာဥ်ပေါ်ပါသူတို့တွင်ထိခိုက်ဒဏ်ရာမရရှိဘဲ နောက်က ဝင်တိုက်သော Toyota Hilux Revo ယာဉ်ပေါ်ပါ ဟင်္သတခရိုင် သစ်တောဦးစီးဌာနမှ ခရိုင်ညွှန်ကြားရေးမှုးအပြင် တောခေါင်းအရာရှိငယ်တစ်ဦးပါ စိုးရိမ်ရပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး ယာဉ်မောင်းနှင့် ရုံးအကူမှာလည်း ဒဏ်ရာအနည်းငယ် ရရှိခဲ့သည်။
ဒုတိယ ဖြစ်စဉ်မှာ ယနေ့ မတ်လ ၂၆ ရက် နံနက် ၃ နာရီအချိန်ခန့်က ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၆၀/၆-၇)ကြားတွင် မိတ္ထီလာ-မော်လမြိုင်သွား PK ခရီးသည်တင်ယာဉ်မှာ ဘီးနှစ်လုံ ပေါက်သွား၍ လမ်းဘေးသို့ချရပ်ကာဘီးများကိုဖြုတ်ပြီး ဒေါက်ထောက်အိပ်နေကြစဉ် ၆ ဘီး ကုန်တင်ယာဉ်က နောက်ကဝင်တိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ကားဘီးပေါက်ပြီး လက်ယာဘက် လမ်းဘေးမှာ ရပ်ထားတာ။ ပြီးတော့ ပေါက်သွားတဲ့ ဘီးနှစ်လုံးကို ဖြုတ်ပြီး ကားမှာပါတဲ့ ယာဉ်မောင်းအပါအဝင် ၃ ယောက်က ကားအောက်ထဲ ဝင်အိပ်နေကြတာ။ အမျိုးသမီးနှစ်ယောက်က ကားပေါ်မှာ အိပ်နေတာ။ ဘီးပေါက်တာကို ပြန်မတပ်ရသေးခင်ပေါ့။အဲဒီအချိန်မှာ ၆ ဘီးကား ကုန်ကားက နောက်ကနေ ဝင်တိုက်တာပါ။ ကားအောက်မှာ အိပ်နေတဲ့ ၃ ယောက်က ပြင်းပြင်းထန်ထန် ဒဏ်ရာရတယ်။ ၃ ယောက်လုံး အသက်အန္တရာယ်စိုးရိမ်ရတယ်။ ကားပေါ်အိပ်တဲ့သူတွေက ဘာမှ မဖြစ်ခဲ့ဘူး။ ဒဏ်ရာရသူတွေကို တာဝန်ရှိသူတွေက ဆေးရုံကို ပို့လိုက်တယ်”ဟု အမြန်လမ်း မီးသတ်တပ်ဖွဲ့တာဝန်ရှိသူက MT News ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုကြောင့် PK Express ယာဉ်ပေါ အမျိုးသား ၃ ဦးထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့် ၆ ဘီးကုန်တင်ယာဉ်ပေါ်ပါ အမျိုးသားမှာ ဒဏ်ရာ အနည်းငယ် ရခဲ့ကြောင်း၊ ယင်းတို့ကို စေတနာရှင်လူမှုကူညီရေးအသင်း သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ပုံစာ- Express ယာဥ်ကို ဝင်တိုက်သော Hilux Revo ယာဥ် ခေါင်းကြေနေမှုမြင်ကွင်းနှင့် ၆ ဘီးယာဥ်ဝင်တိုက်ခံရသော PK Express ယာဥ်မှ လူနာများကို ကယ်ဆယ်နေမှုပုံရိပ် (ဓာတ်ပုံ – အမြန်လမ်းမီးသတ်တပ်ဖွဲ့)