Electronic Voting ဖြင့် ဆောင်ရွက်ခြင်းဖြစ်၍ တစ်ရက်/နှစ်ရက်အတွင်း မဲစာရင်းအတည်ပြုနိုင်မည်ဖြစ်သောကြောင့် တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်၍ရသည့် မြို့နယ်များ ရွေးကောက်ပွဲ ပြီးမြောက်နိုင်မည်ဟု ပြော

၂၅. ၃. ၂၀၂၅
Written by Nyein Kyaw
ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ တတိယပတ်မှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထားပြီး ရွေးကောက်ပွဲ အထမြောက်သည့်အဆင့်ကို ဦးစားပေးပြီးမြောက်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ယနေ့ ပြုလုပ်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစည်းအဝေးတွင် ပြောကြားသည်။
ရွေးကောက်ပွဲအား ယခုနှစ် ဒီဇင်ဘာလ တတိယပတ်နှင့် စတုတ္ထပတ်၊ ဇန်နဝါရီလ ပထမပတ်နှင့် ဒုတိယပတ်တို့အတွင်း ကျင်းပပြုလုပ်ရန်လျာထားကြောင်း၊ ယခင်ရွေးကောက်ပွဲများတွင် မဲလက်မှတ်များကို အသုံးပြု၍ ကောက်ယူခဲ့ပြီး ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် မဲလက်မှတ်များအသုံးပြု၍ ရွေးကောက်ပွဲဥပဒေနှင့် မညီညွတ်သော ကြိုတင်မဲပေးမှုများ၊ မဲလက်မှတ်ရိုက်နှိပ်မှုများ၊ ဥပဒေနှင့် မညီသောအမိန့်နှင့် ညွှန်ကြားချက်များ၊ ပြင်ဆင်မှုများကို ပြုလုပ်ခဲ့ခြင်းကြောင့် မဲမသမာမှုများနှင့် မဲစာရင်းများမှားယွင်းမှုများ ဖြစ်ပေါ်ခဲ့သည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။

အဆိုပါတွေ့ကြုံခဲ့ရသည့် အတွေ့အကြုံအရ ဆန္ဒမဲပေးမှုနှင့် ပတ်သက်၍ နိုင်ငံတကာတွင် ရွေးကောက်ပွဲကျင်းပမှုများကို လေ့လာ၍ ငွေကြေးကုန်ကျမှုများသော်လည်း မိမိတို့နိုင်ငံနှင့်ကိုက်ညီပြီး မဲမသမာမှုပြုလုပ်ရန် မလွယ်ကူသည့် စနစ်ဖြစ်သော Electronic Voting Machine စနစ်ဖြင့် ဆန္ဒမဲပေးရန် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ရွေးကောက်ပွဲဥပဒေ၌ ရွေးကောက်ပွဲအား ဖြစ်နိုင်သရွေ့တစ်နေ့တည်း ကျင်းပရန်၊ အများပြည်သူရုံးပိတ်ရက်တွင် ပြုလုပ်ရန်၊ ကြိုတင်ကြေညာရန် ပြဋ္ဌာန်းပါရှိကြောင်း၊ ထို့ကြောင့် ရွေးကောက်ပွဲပြုလုပ်ရန်အတွက် ရက်အကန့်အသတ်ပြုလုပ်ထားခြင်းမရှိဟု ပြောရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသမိုင်း၌ ပါလီမန်ဒီမိုကရေစီခေတ်တွင်လည်း ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများကြောင့် ရွေးကောက်ပွဲအား တစ်ကြိမ်တည်းကျင်းပခဲ့ခြင်း မဟုတ်ကြောင်း၊ မိမိတို့အနေဖြင့် ရွေးကောက်ပွဲအထမြောက်သည့်အဆင့်ကို ဦးစားပေး ပြီးမြောက်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်များကျင်းပရာတွင် အစည်းအဝေး အထမြောက်ခြင်းနှင့် ပတ်သက်၍ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်များနှင့် ပတ်သက်၍လည်း အလားတူပင်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်များသည် ဝန်ကြီးချုပ်များကို ရွေးချယ်ခန့်အပ်ရခြင်းဖြစ်သဖြင့် အရေးကြီးကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် Electronic Voting Machine များဖြင့် ဆောင်ရွက်ခြင်းဖြစ်သဖြင့် အချိန်တိုအတွင်း ဆန္ဒမဲပေးနိုင်ခြင်းနှင့် မဲရလဒ်ရရှိခြင်းများ ရရှိမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် တစ်ရက်နှစ်ရက်အတွင်း မဲစာရင်းအား အတည်ပြု ဆောင်ရွက်နိုင်ကြောင်း၊ တစ်လအတွင်း ရွေးကောက်ပွဲပြုလုပ်၍ရသည့် မြို့နယ်များတွင် ရွေးကောက်ပွဲ ပြီးမြောက်နိုင်မည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ တာဝန်ယူချိန် ၂ နှစ်အတွင်း ကျင်းပနိုင်ရန်အတွက် ဆောင်ရွက်ခဲ့သော်လည်း ကိုဗစ်-၁၉ အလွန် ကာလဖြစ်ခြင်းနှင့် တည်ငြိမ်မှုလိုအပ်နေသည့်အချိန်ဖြစ်ခြင်းကြောင့် မပြုလုပ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း SAC ဥက္ကဋ္ဌက ပြောကြားသည်။