
၂၅.၃.၂၀၂၅
Translated by Htwe Ko Tun
ဝန်ကြီးချုပ်ဟောင်း သက်ဆင်လက်ထက်ကနေ သမီးဖြစ်သူ လက်ရှိဝန်ကြီးချုပ် ပေတုံတန် ရှင်နာဝပ်ထရာအထိ ငွေပေးချေဖို့ ကတိစာချုပ်တွေမှာ ဘတ်ငွေ ၄ ဒသမ ၄ ဘီလျံကျော် ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။
ဝန်ကြီးချုပ် ပေတုံတန်နဲ့ ဆက်စပ်နေတဲ့ ငွေပေးချေဖို့ ကတိစာချုပ်တွေမှာ ဘတ်ငွေ ၄ ဒသမ ၄ ဘီလျံကျော် ရှိတယ်ဆိုတာကို မတ်လ ၂၄ ရက်က ထိုင်းလွှတ်တော်မှာပြုလုပ်တဲ့ အယုံအကြည် မရှိကြောင်း စကားစစ်ထိုးပွဲမှာ အတိုက်အခံ ပြည်သူ့ပါတီရဲ့ လွှတ်တော်အမတ် ဝီရော့ဂျ် လက်ခါနာဒီဆွန် (Wiroj Lakkhanaadisom) က ပြောကြားရာကနေ ပေါ်ပေါက်လာရခြင်းပါပဲ။ ဝီရော့ဂျ်က ဒီကိစ္စက ဥပဒေကြောင်းဆိုင်ရာ အက်ဥပဒေတစ်ခု ကို ဖုံးကွယ်ထားမှုလည်းပါဝင်နိုင်ပြီး အနည်းဆုံး ဘတ်ငွေ ၂၁၈ ဒသမ ၇ သန်းရှိမယ့် အခွန်ကို တိမ်းရှောင်တာလည်းဖြစ်နိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။
ပေတုံတန်က ၂၀၂၄ ခုနှစ်မှာ ဝန်ကြီးချုပ်အဖြစ်တာဝန်ယူတုံးက ကြေညာခဲ့တဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ ပေးဆပ်ဖို့တာဝန်ယူကျန်ရှိမှုတွေမှာ မိသားစုဝင်တွေရဲ့ ငွေပေးချေဖို့ ကတိစာချုပ်ကိုးခု ပါဝင်ပါတယ်။ ဝီရော့ဂျ်က အရောင်းအဝယ်မှာ ပါဝင်ပတ်သက်နေတဲ့ လူပုဂ္ဂိုလ်ငါးဦးက အခွန်ပေးဆောင်ဖို့ အနည်းဆုံး ဘတ်ငွေ ၂၁၈ ဒသမ ၇ သန်း တာဝန်ရှိလိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။ ဒီလူပုဂ္ဂိုလ်ငါးဦးက ပေတုံတန်ရဲ့ အစ်မဖြစ်တဲ့ ပင်တုံတာ ရှင်နာဝပ်ထရာ၊ အစ်ကိုဖြစ်တဲ့ ပန်တုံတေ ရှင်နာဝပ်ထရာ၊ ဦးလေးဖြစ်သူ ဘန်နာပေါ့ ဒါမာပွန်၊ ဦးလေးရဲ့ ဇနီးဖြစ်တဲ့ ဘတ်ဆာဘာ ဒါမာပွန် နဲ့ မိခင်ဖြစ်သူ ခွန်ရင်း ပေါ့ဂျာမန် နာ ပုန်ဘီဂျရာ တို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါပေမယ့် ဝီရော့ဂျ် က ပေတုံတန်ရဲ့ရည်ရွယ်ချက်က ဘတ်ငွေ ၂၁၈ သန်းကျော် အခွန်ရှောင်ဖို့ သက်သက်ချည်းမဟုတ်ဘူးလို့ ပြောခဲ့ပါသေးတယ်။ ဒါအစား ပေတုံတန် မိသားစုဟာ ၂၀၀၁ ခုနှစ်က အသုံးချခဲ့တဲ့ နည်းဗျူဟာတွေနဲ့ အလားတူဖြစ်တဲ့ သူတို့ရဲ့ငွေကြေးကွန်ရက်ထဲမှာ ပိုင်ဆိုင်မှု လွှဲပြောင်းပေးတာမျိုး အဖြစ်လည်း ဆောင်ရွက်နေမှုတွေပါတယ်လို့ ပြောသွားပါတယ်။ အဲဒီအချိန်တုံးက ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေကို လွှဲပြောင်းပေးရုံမကဘဲ အိမ်တွင်းအလုပ်သမားတွေနဲ့ ယာဉ်မောင်းတွေရဲ့ အမည်အောက်မှာပါ ဖုံးကွယ်ထားခဲ့တာပါ။
ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုတွေက လက်ဆောင်- အခွန်ဥပဒေ မရှိသေးတဲ့ အဲဒီအချိန်ကတော့ဖြစ်နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်ကစလို့ လက်ဆောင်-အခွန်ဥပဒေအရ လက်ဆောင်ရတဲ့ ပစ္စည်းဥစ္စာမှန်သမျှကို အခွန်ကောက်ခံလာခဲ့တာ ဖြစ်ပါတယ်။
ဒီမှာ ဝီရော့ဂျ်ကပြောခဲ့တဲ့ သက်ဆင် မိသားစုရဲ့ ၂၀၀၁ ခုနှစ်က အသုံးချခဲ့တဲ့ နည်းဗျူဟာတွေအတိုင်း လုပ်ဆောင်နေတယ်ဆိုတာက ဖြစ်နိုင်ပါ့မလား။
နိုင်ငံရေးလောကထဲကို ဝင်ရောက်မလာခဲ့မီ အချိန်က ပေတုံတန်ရဲ့ မိဘတွေဖြစ်တဲ့ သက်ဆင် ရှင်နာဝပ် ထရာနဲ့ ခွန်ရင်း ပေါ့ဂျာမန်တို့ဟာ သူတို့ရဲ့ ဘတ် ၁၁ ဘီလျံတန်ဖိုးရှိတဲ့ ရှယ်ယာတွေကို အိမ်တွင်းအလုပ်သမားတွေ၊ ယာဉ်မောင်းတွေနဲ့ လုံခြုံရေးတာဝန်ရှိသူတွေကိုပါ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီပမာဏက သူတို့ စုစုပေါင်းပိုင်ဆိုင်မှုရဲ့ လေးပုံတစ်ပုံခန့် ရှိပါတယ်။
သက်ဆင်ဟာ နိုင်ငံရေးလမ်းကြောင်းထဲ ဝင်ရောက်လာခဲ့တဲ့နောက် သူရဲ့ ပိုင်ဆိုင်မှု ပစ္စည်းဥစ္စာရှယ်ယာတွေကို သားသမီးတွေနဲ့ဆွေမျိုးတွေကို တဖြည်းဖြည်းလွှဲပေးခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်ကို ချွန်လိပိုင်အစိုးရနဲ့ ချာဗာလစ် ယောင်ချိုင်ယွတ် အစိုးရတို့လက်ထက်မှာ သူက ဝန်ကြီးတာဝန်တွေယူခဲ့တဲ့တိုင်အောင် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။
သက်ဆင်က ထိုင်းရတ်ထိုင်းပါတီကို တည်ထောင်ခဲ့ပြီးတဲ့နောက် ၂၀၀၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ မတိုင်မီမှာဘဲ ဒီကိစ္စက ပြန်ပေါ်လာပြန်ပါတယ်။ ချာဗာလစ် ယောင်ချိုင်ယွတ် အစိုးရလက်ထက်မှာ ဒုတိယဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေတုံး သက်ဆင်ရဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာကြေညာချက်ကို စုံစမ်း စစ်ဆေးပေးဖို့အမျိုးသားအဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်(NACC) ကို တရားဝင်လျှောက်လွှာ တင်သွင်းခံခဲ့ရပါတယ်။
အဲဒီတိုင်ကြားချက်မှာ သက်ဆင်ရဲ့ကြေညာချက် မှာ ဘီလျံပေါင်းများစွာသော ပိုင်ဆိုင်မှုရှယ်ယာတွေရဲ့တန်ဖိုးကို အိမ်တွင်းအလုပ်သမားတွေ၊ ယာဉ်မောင်းတွေအောက်မှာ တရားဝင်မှတ်ပုံတင်ထားတာက အတုအယောင်ပြုလုပ်ပြီး တိုင်ခဲ့တာဖြစ်နိုင်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ NACC ကလည်း သက်ဆင်ဟာ မှားယွင်းတဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာကြေညာချက်ကို တမင်သက်သက်တင်သွင်းခဲ့တာလို့ တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးကို တရားစီရင်ပေးဖို့လွှဲပြောင်းပေးခဲ့ပါတယ်။
ဒီအငြင်းပွားမှုက ၂၀၀၁ ခုနှစ် အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ဖြစ်ပေါ်လာတာပါ။ ဒီအချိန်က သက်ဆင်အပေါ် လူကြိုက်များ ရေပန်းစားမှုကလည်း အမြင့်မားဆုံးအခြေအနေပါ။ ဒါက ထိုင်းရတ်ထိုင်းပါတီကို ရွေးကောက်ပွဲမှာ သောင်ပြိုကမ်းပြိုအနိုင်ရကာ သက်ဆင်ကိုလည်း ဝန်ကြီးချုပ်ရာထူး ပထမသက်တမ်း ထမ်းဆောင်စေခဲ့တာပါပဲ။
ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးမှာတော့ အမှုကိုစစ်ဆေးရာမှာ သက်ဆင်က သူ့အနေနဲ့ ရိုးသားစွာမှားယွင်းခဲ့တာဖြစ်တယ်လို့ ခုခံပြောကြားခဲ့ပါတယ်။ ထိုစဉ်က ကြီးမားတဲ့ဝေဖန်မှုကြီးရှိခဲ့ပေမယ့် ခုံရုံးက သက်ဆင်ဟာ အတုအယောင်မှားယွင်းတဲ့ပိုင်ဆိုင်မှုကြေညာချက်ကို တမင်သက်သက် ပြုလုပ်ခဲ့တာ မဟုတ်ဘူးလို့ နောက်ဆုံးစီရင်ချက်ချခဲ့ပါတယ်။
အခုလို သက်ဆင်ရဲ့ ပထမဆုံး ဖုံးကွယ်ထားတဲ့အစုရှယ်ယာတွေအမှုက အဆုံးသတ်ခဲ့ပေမယ့် ဒုတိယမြောက် ဖုံးကွယ်ထားတဲ့အစုရှယ်ယာတွေအမှုက ထပ်မံပေါ်ပေါက်လာပြန်ပါတယ်။ ဒါကနောက်ဆုံးမှာ တရားရုံးချုပ်ရဲ့ အမှုစစ်ဆေးဆုံးဖြတ်ချက်ကိုဦးတည်စေခဲ့ပြီး သက်ဆင်ကို ၄၆ ဘီလျံတန်ဖိုးရှိ ပိုင်ဆိုင်မဲ့ ပစ္စည်းဥစ္စာတွေ သိမ်းယူမှုနဲ့ ရင်ဆိုင်စေခဲ့တာပါ။
ဒီအမှုနှစ်ခု နှိုင်းယှဉ်တဲ့အခါမှာ အခုအမှုမှာ ပေတုံတန် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူတုံးမှာ ကြေညာခဲ့တဲ့ ပိုင်ဆိုင်မှုပစ္စည်းဥစ္စာတွေနဲ့ ပေးဆပ်ဖို့ တာဝန်ယူကျန်ရှိမှုတွေမှာပါဝင်တဲ့ ငွေပေးချေဖို့ ကတိစာချုပ်ကိုးခုမှာ ပတ်သက်နေသူငါးဦးက မိသားစုဝင်တွေပါ။ ဒီလိုပဲသက်ဆင်ကလည်း ဝန်ကြီးချုပ် တာဝန်ယူစဉ် ပိုင်ဆိုင်မှုပစ္စည်းဥစ္စာ ကြေညာချက်မှာ သားနဲ့ ညီမဖြစ်သူတို့ကို ဘတ်ငွေ ငါးသန်းကျော်နဲ့ ဇနီးဟောင်း ခွန်ရင်း ပေါ့ဂျာမန် တို့ကိုပါ ငွေတွေချေးထားရတယ်ဆိုတာ ပါပါတယ်။ ဒါပေမယ့် ၂၀၀၆ ခုနှစ်မှာ ဝန်ကြီးချုပ်ဘဝက လွန်မြောက်ပြီးနောက် သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာကြေညာချက်မှာတော့ ချေးငွေတွေ ထူးထူးခြားခြားမရှိတော့ဘူးလို့ သက်ဆင်က အံ့အားသင့်ဖွယ်ပြောခဲ့ပါတယ်။
ဒါကြောင့်လည်း အယုံအကြည်မရှိ စကားစစ်ထိုးပွဲကို ဖြေရှင်းနေရတဲ့ ဝန်ကြီးချုပ် ပေတုံတန် တစ် ယောက် သူ့ရဲ့ပိုင်ဆိုင်မှုပစ္စည်းဥစ္စာကြေညာရာမှာတစ်ချိန်က ဖခင်ဖြစ်သူပြုလုပ်ခဲ့သလိုမျိုးများ ဆောင်ရွက်နေလေသလား သံသယရှိဖွယ်ဖြစ်ရပါတယ်။
အမှန်ကိုတေ့ာ သက်ဆင်မိသားစုရဲ့ လျှို့ဝှက်ပိုင်ဆိုင်မှုတွေကို ခြေရာခံနိုင်မှ ဖော်ထုတ်နိုင်မယ်လို့ ဆိုပါရစေ။
Ref- Nation Thailand