
၂၅.၃.၂၀၂၅
Written By Zun
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက ပုဒ်မ ၅၀၅ (က) ဖြင့် ဖမ်းဆီးခံရသူ ငါးမင်းဆွေကို အင်းစိန်ထောင်တွင်း တရားရုံးက ပုဒ်မ ၅၀၅ (က) ဖြင့်ပင် ယနေ့တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။
ငါးမင်းဆွေကို ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် ရဲစခန်း၌ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခဲ့ပြီးနောက် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၉ ရက်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုရဲစခန်းက ကျိုက်ထိုမြို့နယ်၊ ဖက္ကလိပ်ရွာ၊ ဗိုလ်ချုပ်လမ်းနေအိမ်တွင် ဖမ်းဆီးခဲ့ပြီး လှိုင်မြို့နယ် စခန်းမှူးက တရားလိုပြုလုပ်၍ အမှုဖွင့်ခဲ့ကြောင်း သိရသည်။

“သူ့ကို ဖမ်းပြီးတော့ ကျိုက်ထိုကနေ ရန်ကုန်ကို လွှဲတော့ အင်းစိန်အကျဉ်းထောင်အချုပ်ဆောင်မှာ ထားတာပေါ့။ သူရဲ့ FB အကောင့်မှာ တင်တဲ့ စာသားတွေ ရုပ်သံဖိုင်တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခဲ့တာဆိုတော့ အခု စစ်ဆေးမှုတွေကို ပြုလုပ်ပြီး ပြစ်ဒဏ်ချတာပါ။ အင်းစိန်အကျဉ်းထောင်ရဲ့လှိုင်မြို့နယ်တရားရုံးတရားခွင်မှာ အမိန့်ချတာပါ။ စစ်ဆေးတဲ့ကာလမှာတော့ ငါးမင်းဆွေဘက်က ငြင်းတာတွေလည်းရှိတယ်။ဒါပေမဲ့ခိုင်လုံတဲ့ အကြောင်းအရာတွေလည်း ရှိတယ်လေ”ဟု တရားရုံးနှင့် နီးစပ်သူက MT News ကို ပြောသည်။

အသက် ၆၇ နှစ်အရွယ်ရှိ ဦးမင်းဆွေ(ခ) ငါးမင်းဆွေသည် ယခင် NLD အစိုးရလက်ထက်က ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်ပြောဆိုမှုများကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် ထောင် ၇ နှစ်နှင့် ဒဏ်ငွေ ကျပ် ၁ သိန်းပြစ်ဒဏ်ကို ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၈ ကျခံခဲ့ရသူ ဖြစ်သည်။ ထို့နောက် လက်ရှိအစိုးရကာလ ၂၀၂၁ ခုနှစ်အတွင်း လွတ်ငြိမ်းသက်သာခွင့်ရရှိကာ ပြန်လွတ်လာသူဖြစ်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဝေဖန်ပြောဆိုပြီး ယင်းက လက်ထက်ခွင့်တောင်းခံခဲ့ဖူးသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန် ပြောဆိုနေပြန်သည့်အတွက် ၎င်းအနေဖြင့် စိတ်ပုံမှန်မဟုတ်သည့် ရောဂါတစ်ခုခု ဖြစ်နေပုံရကြောင်းလည်း သုံးသပ်ပြောဆိုနေကြသည်။