
MT News
၂၅. ၃. ၂၀၂၅
၂၀၂၇ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပထမနေ့အဖြစ် ဒီနေ့ မတ်လ ၂၅ ရက်မှာ စတင်ကျင်းပရာမှာ မြန်မာအသင်းဟာ အာဖဂန်နစ္စတန်အသင်းကို သုဝဏ္ဏကွင်းမှာ ယှဥ်ပြိုင်ကစားရင်း ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အနိုင်ယူပြီး အဖွင့်လှခဲ့ပါတယ်။
အာရှဖလား တတိယအဆင့် ခြေစစ်ပွဲကို လေးသင်း ခြောက်အုပ်စုခွဲပြီး ၂၀၂၅ ခုနှစ် မတ်လကနေ ၂၀၂၆ ခုနှစ် မတ်လအထိ တစ်နှစ်ကြာ ကျင်းပမှာဖြစ်ပြီး မြန်မာအသင်းက ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ပါကစ္စတန် စတဲ့ နိုင်ငံရေးအကျပ်အတည်းပြင်းထန်နေတဲ့ နိုင်ငံတွေနဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာပါ။
အာရှဖလား တတိယအဆင့်ခြေစစ်ပွဲမှာ အုပ်စုတစ်ခုစီက ထိပ်ဆုံးတစ်သင်းစီသာ ခြေစစ်ပွဲအောင်မြင်မှာဖြစ်လို့ အုပ်စုပွဲတိုင်း ရလဒ်ကောင်းရယူနိုင်ဖို့ လိုအပ်နေတဲ့ မြန်မာအသင်းကို ပွဲကစားချိန် ၁၄ မိနစ်မှာတင် ပိုပယ်ဇေလ်က အာဖဂန်နစ္စတန်အတွက် အဖွင့်ဂိုးသွင်းယူသွားတာ ခံခဲ့ရပါတယ်။
ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက်ပိုင်းမှာ မြန်မာအသင်းက ချေပဂိုးသွင်းနိုင်ဖို့ အားထုတ်လာတာကြောင့် ပွဲချိန် ၂၇ မိနစ်မှာ သန်းပိုင်က ချေပဂိုးသွင်းယူခဲ့ပြီး ပွဲကစားချိန် ၇၅ မိနစ်မှာတော့ မောင်မောင်လွင်က အနိုင်ဂိုးသွင်းယူပေးခဲ့တာပါ။
မြန်မာနိုင်ငံအပါအဝင် မငြိမ်းချမ်းသော နိုင်ငံလေးခု သီးသန့်ဆုံတွေ့ပေးထားသည့် အဆိုပါ ၂၀၂၇ အာရှဖလား ခြေစစ်ပွဲများကို မြန်မာနိုင်ငံက အိမ်ကွင်းသုံးပွဲယှဥ်ပြိုင်ရမည်ဖြစ်ပြီး ယနေ့ ၂၀၂၅ ခုနှစ် မတ်လ ၂၅ ရက်တွင် အာဖဂန်နစ္စတန်၊ ၂၀၂၅ ခုနှစ် အောက်တိုဘာ ၉ ရက်တွင် ဆီးရီးယားနှင့် ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်တို့တွင် ပါကစ္စတန်တို့ကို သုဝဏ္ဏကွင်း၌ ယှဥ်ပြိုင်ကစားရမည်ဖြစ်သည်။