ပူတင်က ဥရောပကိုသိမ်းယူလိုသည်ဆိုခြင်း မဖြစ်နိုင်ဟုပါ ပြောကြား

၂၅.၃.၂၀၂၅
Translated by Htwe Ko Tun
ဆော်ဒီအာရေဗျနိုင်ငံမှာ အမေရိကန်နဲ့ ရုရှားနှစ်ဖက်ကိုယ်စားလှယ်အဖွဲ့တွေဟာ ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးမှုတွေကို မတ်လ ၂၃ ရက်က မပြုလုပ်ကြမီမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ အထူးသံတမန် စတိဗ် ဝစ်အော့ဖ်က မတ်လ ၂၀ ရက်က မော်စကိုမြို့မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။

အိမ်ခြံမြေလုပ်ငန်းရှင်ဟောင်းလည်းဖြစ်တဲ့ စတိဗ် ဝစ်အော့ဖ် က ပူတင်နဲ့ ဒုတိယအကြိမ်တွေ့ဆုံတာလည်းဖြစ်ပြီး မတ်လ၂၁ ရက်မှာတော့ သူက ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အလွန်ထက်မြက်တဲ့ပုဂ္ဂိုလ် ဖြစ်ပါတယ်လို့ ချီးကျူးပြောကြားခဲ့ပါတယ်။
စတိဗ် ဝစ်အော့ဖ်က “ကျွန်တော့အနေနဲတော့ ပူတင်ကို လူဆိုးကြီးတစ်ယောက်အနေနဲ့ သက်သက်မမြင်ပါဘူး။ သူက သိမ်မွေ့မှုရှိပြီးအလွန်လည်းထက်မြက်သူပါ” လို့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာပြောခဲ့ပါတယ်။
ဒါ့ပြင် စတိဗ် ဝစ်အော့ဖ်က “ရုရှားသမ္မတပူတင်ဟာလည်း ငြိမ်းချမ်းရေးကို လိုလားနေတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ မတ်လ ၂၄ ရက်မှာတော့ ဆော်ဒီအာရေဗျမှာ အမှန်တကယ်တ်ိုးတက်မှုတချို့ တွေ့ရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” လို့ ပြောခဲ့ပါသေးတယ်။

ဒါပေမယ့် ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ် ကတော့ “သဘောတူညီချက်တစ်ခုရရှိဖို့ တိုးတက်မှုလမ်းစလို့တော့ မပြောနိုင်သေးပါဘူး။ ခက်ခဲလှတဲ့ ညှိနှိုင်းဆွေးနွေးပွဲတွေရဲ့ အစပဲ ရှိသေးတယ်လို့ဆိုရမှာပါ” လို့ မတ်လ ၂၃ ရက်က ပြောခဲ့ပါတယ်။
ဥရောပနိုင်ငံအချို့က ရုရှားသမ္မတ ပူတင်က အပစ်အခတ်ရပ်စဲရေးကို ဥရောပအားသိမ်းပိုက်နိုင်ဖို့ အမှန်တကယ်လိုလားခြင်း မဟုတ်ဘဲ အမည်ခံသာအသုံးပြုလိမ့်မည်ဟု ယူဆချက်ကိုလည်း စတိဗ် ဝစ်အော့ဖ်က “ဒါမဖြစ်နိုင်ပါဘူး။ ကျွန်တော့်အနေနဲ့ ပူတင်က ဥရောပတစ်တိုက်လုံးကို သိမ်းယူနေချင်တယ်လို့ လုံးဝမမြင်ပါဘူး။ ဒီနေ့ကမ္ဘာရဲ့အခြေအနေကလည်း ဒုတိယကမ္ဘာစစ်အတွင်းကနဲ့ မတူဘဲ ကွဲပြားနေပါပြီ” လို့ ပြောခဲ့ပါတယ်။
Ref- The Independent