
၂၅. ၃. ၂၀၂၅
Written by Nay Moe
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်မှာရှိတဲ့ ရွှေပြည်သာရွှေဆိုင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရပြီး ရွှေ ၂၀ ကျပ်သားခန့် လုယက်ခံရမှု ဒီနေ့ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဥ်က ဒီနေ့မနက် ၁၀ နာရီဝန်းကျင်မှာ ကျောက်ဆည်မြို့၊ အေးမြကြည်လင်ရပ်ကွက်၊ တံစိုးဂိတ်ရပ်မှာ နေထိုင်သူ ဦးကံလှ ဖွင့်လှစ်ထားတဲ့ ရွှေပြည်သာ စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေပန်းတိမ်လုပ်ငန်းမှာ ဆိုင်ဖွင့်ပြီးစ ဦးကံလှရဲ့ သားနဲ့သမီးတို့ ရှိနေချိန် လုံခြုံရေးတပ်ဖွဲ့ဝင်အသွင်ယူထားသူအမျိုးသားတစ်ဦး ဆိုင်ကယ်တစ်စီးနဲ့ ရောက်လာပြီး သေနတ်အတိုတစ်လက်ပြကာ စုစုပေါင်း ရွှေချိန် ၂၀ ကျပ်သားခန့်ကို လုယက်ပြီး သူငယ်တော်ကျေးရွာသွားလမ်းအတိုင်း မောင်းနှင်ထွက်ပြေးသွားတာလို့ ကနဦး သိရပါတယ်။

ဒီဖြစ်ရပ်အပေါ် ရွှေပြည်သာ စိန်ရွှေရတနာရောင်းဝယ်ရေးနှင့် ရွှေပန်းတိမ်လုပ်ငန်းရဲ့ သားကြီးဖြစ်သူကလည်း လူမှုကွန်ရက်မှာ ရွှေဆိုင်ဓားပြတိုက်ခံလိုက်ရကြောင်း ဖွင့်ဟထားပြီး လက်ရှိမှာတော့ လုံခြုံရေးတာဝန်ရှိသူတွေက CCTV မှတ်တမ်းကို စိစစ်ကာ တရားခံဖမ်းမိရေး ပိတ်ဆို့ဆောင်ရွက်နေတယ်လို့ သိရပါတယ်။ (Photo – Credit)