
MT News
၂၅. ၃. ၂၀၂၅
စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ အမှတ်(၃၁)အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်)နှင့် အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်) အား ပြည်တွင်း/ပြည်ပမှ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများနှင့် Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် စိတ်ဝင်စားမှုဖော်ပြခြင်း အဆိုပြုလွှာ (Expression of Interest-EoI) ခေါ်ယူထားသည်။
အမှတ် (၃၁) အကြီးစားစက်ရုံ (သရက်)အား ၁၉၃၅ ခုနှစ်တွင် စတင်တည်ဆောက်၍ မီးသင်းဖို (၃) လိုင်းဖြင့် တစ်နေ့လျှင် တန် (၁၁၀၀) ထုတ်လုပ်ခဲ့ပြီး ထုတ်လုပ်မှုနည်းစဉ် အနေဖြင့် ထုံးနှစ်ရည် နည်းစဉ် (Wet Process)ဖြင့် ဘိလပ်မြေများကို ထုတ်လုပ်သည်။ အစို နည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန်ထုတ်လုပ်လျှင် လျှပ်စစ်ဓာတ်အား (၁၂၃ ဒသမ ၈၇)ယူနစ်ခန့် သုံးစွဲရပြီး အခြောက် နည်းစဉ်ဖြင့် ဘိလပ်မြေ (၁)တန် ထုတ်လုပ်လျှင် ယူနစ်(၉၀)ခန့်သာ သုံးစွဲရသည်။ ထို့ကြောင့် စက်ရုံအနေဖြင့် အစိုနည်းစဉ်ဖြင့် ဘိလပ်မြေများ ထုတ်လုပ်လျှင် ထုတ်လုပ်မှုစရိတ် မြင့်မားသောကြောင့် စီးပွားရေးတွက်ခြေကိုက်မှုမရှိသဖြင့် ထုတ်လုပ်မှု နည်းစဉ်ပြောင်းလဲ၍ ဘိလပ်မြေများ ထုတ်လုပ်နိုင်ရေးအတွက် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမည့်သူများနှင့် ပူးပေါင်း ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်နေခြင်းဖြစ်သည်။
ထို့အတူ စက်မှုဝန်ကြီးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း ကြီးကြပ်မှုအောက်ရှိ အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ(ကျောက်ဆည်) သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်မြို့အရှေ့ဘက် (၅) မိုင်၊ (၃) ဖာလုံခန့်အကွာ၊ ကျောက်ဆည်စက်မှုနယ်မြေတွင်တည်ရှိပြီး ဘိလပ်မြေစက်ရုံသုံး မီးခံအုတ်များအား ထုတ်လုပ်ဖြန့်ဖြူးရောင်းချခဲ့သည့်စက်ရုံဖြစ်သည်။

အဆိုပါ စက်ရုံနှစ်ရုံကို မြှုပ်နှံရန် စိတ်ပါဝင်စားသည့် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်လိုသော ပြည်တွင်း/ပြည်ပ ကုမ္ပဏီများသည် စိတ်ဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာကို လုပ်ငန်းဆောင်ရွက်ရန် စိတ်ပါဝင်စားကြောင်းကို တိကျသေချာစွာ ဖော်ပြထားသည့် အကြောင်းကြားစာ၊ သက်တမ်းရှိ ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ ကုမ္ပဏီသင်းဖွဲ့မှတ်တမ်း/စည်းမျဉ်း၊ ကုမ္ပဏီနှင့်ဆက်သွယ် ဆောင်ရွက်နိုင်ရန်အတွက် Contact Person ၏ အမည်၊ ရာထူး၊ လိပ်စာ၊ ဖုန်း၊ Email တို့ဖြင့် နည်းပညာဖွံ့ဖြိုးရေးဌာန၊ အမှတ်(၂)အကြီးစားစက်မှုလုပ်ငန်း၊ ရုံးအမှတ်(၄၁)၊ နေပြည်တော်တွင် လာရောက်ထုတ်ယူပြီး အဆိုပါ လိပ်စာသို့ပင် လိပ်မူ၍ ဧပြီ ၂၅ ရက်နေ့၊ ညနေ ၃ နာရီ အရောက်ပေးပို့တင်ပြရမည်ဖြစ်သည်။
အမှတ်(၃၁)အကြီးစားစက်ရုံ (ဘိလပ်မြေစက်ရုံ-သရက်)နှင့် အဆင့်မြင့်မီးခံအုတ်စက်ရုံခွဲ (ကျောက်ဆည်) တို့တွင် မြှုပ်နှံလိုသူများအနေဖြင့် အသေးစိတ်သိလိုသည်များကို ဖုန်း-၀၆၇-၃၄၀၈၆၇၈၊ ၀၆၇-၃၄၀၈၆၇၉ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။