
၂၅.၃.၂၀၂၅
Written By Thandar
ဂီတလမ်းကြောင်းပေါ်မှာ ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် အိမ့်ချစ်ကတော့ “Eint Chit One Lady Birthday Show in Mandalay ” မှာ ခုံနေရာလွတ်မရှိအောင် အားပေးခဲ့တဲ့ ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်လို့ ဖွင့်ဟလာပါတယ်။




“အိမ့်ချစ်ရဲ့ One Lady Birthday Show မွေးနေ့ပွဲလေးမှာ ချစ်ပရိသတ်တွေက ခုံနေရာလွတ်မရှိအောင် အားပေးကြလို့ အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီပွဲမှာ ခုံလွတ်မကျန် ၁၀၀ ရာခိုင်နှုန်း Sold Out ဖြစ်သည်အထိ လာရောက်အားပေးကြတာပါ။ အိမ့်ချစ် ယုံယုံကြည်ကြည်နဲ့ ပွဲလုပ်ဖို့ ကမ်းလှမ်းပြီး အစစအရာရာ Marketing ပိုင်းတွေရော The Square က ကိုဝေဖြိုးနဲ့ The Square Family တွေလည်း ကျေးဇူးတင်ပါတယ်။ သီချင်းတွေ အခါခါမညည်းမညူတိုက်ပေးပြီး အားသွန် ခွန်စိုက်နဲ့နားချိန်တောင်မရဘဲ တီးခတ်ပေးခဲ့တဲ့ Daily Gita Band ရော၊ နောက် မေတ္တာနဲ့ချစ်ခြင်းတွေနဲ့ ရန်ကုန်ကနေ မန္တလေးထိ လိုက်ပြီးအင်အားဖြည့်ပေးကြတဲ့ ကိုဖိုးကာ၊ ကိုရဲလေး စတဲ့သူတွေကို အားဖြစ်ရပါတယ်”လို့ အဆိုတော် အိမ့်ချစ်က ပရိသတ်သိအောင် ဖွင့်ဟလာပါတယ်။
အဆိုပါ ရှိုးပွဲမှာတော့ ပါဝင်အားဖြည့်သီဆိုပေးကြတဲ့ အဆိုတော်တွေဖြစ်တဲ့ ရဲလေး၊ နိုင်းဝမ်း၊ ဇွဲပြည့်၊ Project K ၊ Junior ချစ်ကောင်း၊ Bobby Soxer ၊ ချမ်းမြေ့မောင်ချို စတဲ့သူတွေနဲ့အတူ Life & Dance အကအဖွဲ့အပါအဝင် တေးသီချင်း အပုဒ်ရေ ၃၅ ပုဒ်ကျော် သီဆိုဖျော်ဖြေခဲ့တာလည်းဖြစ်ပါတယ်။ အဆိုတော် အိမ့်ချစ်ရဲ့ Birthday Show ကိုတော့ မတ်လ ၂၃ ရက် ညပိုင်းက မန္တလေးမြို့က The Square မှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။


“သူငယ်ချင်း အိမ့်ချစ်က ဒီပွဲအတွက် အများကြီး အားစိုက်ထားတာပါ။ သူငယ်ချင်းရဲ့ One Lady Show အောင်မြင်သွားတဲ့အတွက် အရမ်းလည်း ဂုဏ်ယူပါတယ်။ သူတစ်ရက်မှလည်း မနားရဘူး အရမ်းလည်း ပင်ပန်းတယ်။ သူငယ်ချင်းတွေ အတွက်လည်း ရင်ပူရတယ်။ သူ့ရဲ့ Performance အတွက်ရော အားလုံးအတွက် စေတနာလည်း အများကြီးထည့်ထားတယ်။ အတူပါဝင် သီဆိုဖျော်ဖြေရလို့လည်း ပျော်ရပါတယ်”လို့ အဆိုတော် ရဲလေးက ပြောပါတယ်။