
၂၅.၃.၂၀၂၅
Written By Zun
ဦးအောင်ဆန်းဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ အမွေဆိုင် တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကြမ်းခင်းဈေးကို ကျပ်၂၉၇ ဘီလျံမှ ကျပ်ဘီလျံ ၂၇၀ သို့ လျှော့ချလိုက်ကြောင်း တရားရုံးနှင့် နီးစပ်သူတစ်ဦးက MT News ကို ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၇ ရက်တွင် ဦးအောင်ဆန်းဦးဘက်က ဈေးနှုန်းလျှော့ချတင်ပြခဲ့သည့်အပေါ် ယနေ့ မတ်လ ၂၅ ရက် ရုံးချိန်းတွင် တရားရုံးက အထက်ပါအတိုင်း အတည်ပြု သတ်မှတ်လိုက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။




“အခြေအနေက ကိုယ်တောင်းဆိုတဲ့ အတိုင်းပဲ ၂၇၀ ဘီလျံလေ။ ကျပ်သိန်းပေါင်း နှစ်သန်းနဲ့ ခုနစ်သိန်း။ အဲဒါချပေးတယ်။ လေလံပစ်မှာက လာမယ့် ဧပြီလ၂၉ ရက်နေ့။ အဲ့ဒီခြံရှေ့မှာပဲ ပစ်မယ်။ ပြီးတော့ ဧပြီလ ၃၀ ရက်နေ့ကို ပြန်ပြီး အစီရင်ခံစာ ပြန်တင်ရမယ်။ အခုလိုလျှော့တဲ့ဟာကို သူတို့ဘက်က ကန့်ကွက်တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် ရှေ့နေတွေကို ကိုယ်စားလှယ်လွှဲစာပေးပြီးပြီလေ။ သူ့ဟာသူ ဘယ်ပဲရောက်ရောက်။ အဲဒါကြောင့် ရှေ့နေတွေက လေလံကြမ်းခင်းဈေးကို တင်ရမှာ။ တင်ဖို့တာဝန်ရှိတယ်။ အဲဒါကိုမတင်တာ။ မတင်တော့ တရားရုံးနဲ့ဆိုရင် ဥပဒေ အပိုဒ် ၂၃၈ အရ သူတို့ဘက်က တင်ရမယ့်ဟာရှိတယ်။ အဲဒီတော့ သူတို့မတင်ဘူးဆိုတော့ တရားနိုင် ဦးအောင်ဆန်းဦး တင်ပြတဲ့ လေလံကြမ်းခင်းဈေးကိုပဲ သတ်မှတ်ပေးရန်သာ ရှိတယ်တဲ့။ အဲဒီတော့ ကျပ်သိန်းပေါင်း နှစ်သန်းနဲ့ ခုနစ်သိန်း(၂၇၀ ဘီလျံ) သတ်မှတ်တယ်” ဟု တရားရုံးနှင့် နီးစပ်သူက MT News ကို ပြောသည်။
ယင်းခြံကို ဦးအောင်ဆန်းဦး တရားနိုင်ပြီးနောက် လေလံတင်ထုခွဲရောင်းချရန် ကမာရွတ်ခရိုင်တရားရုံးက ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်တွင် အမိန့်ချမှတ်ခဲ့ပြီး မတ်လ ၂၀ ရက်က ကျပ် ၃၁၅ ဘီလျံဖြင့် ပထမအကြိမ်လေလံပစ်ခဲ့ရာ ဝယ်ယူသူမရှိခဲ့သောကြောင့် ထိုလေလံပွဲအပြီး ဦးအောင်ဆန်းဦးဘက်က လေလံကြမ်းခင်းဈေးကို ကျပ်၂၈၅ ဘီလျံအဖြစ် ဈေးလျှော့ပေးရန် တင်ပြခဲ့ရာ ကမာရွတ်ခရိုင် တရားရုံးက ခြံအမှတ် (၅၄)နှင့် နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ အဖြစ် ပြင်ဆင်သတ်မှတ်သဖြင့် ယမန်နှစ် သြဂုတ်လ ၁၅ ရက်က ကျပ်ဘီလျံ ၃၀၀ ဖြင့် ဒုတိယအကြိမ် လေလံတင်ခဲ့ရာတွင်လည်း ဝယ်ယူမည့်သူမရှိခဲ့ပေ။
အဆိုပါ ဒုတိယအကြိမ်လေလံပြီးနောက် ကြမ်းခင်းဈေး ကျပ်ဘီလျံ ၃၀၀ ကို ကျပ်ဘီလျံ၂၉၀ သို့ လျှော့ချရန် ဦးအောင်ဆန်းဦးဘက်က ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၂ ရက်က တရားရုံး၌ တင်ပြခဲ့ရာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်ရုံးချိန်းတွင် ကျပ် ၃ ဘီလျံလျှော့ချ၍ ၂၉၇ ဘီလျံဟုသတ်မှတ်ကြောင်း တရားရုံးက အမိန့်ချခဲ့သည်။ ထို့အတွက် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ပြုလုပ်သည့် တတိယအကြိမ်လေလံတွင် ကျပ် ၂၉၇ ဘီလျံဖြင့် ထပ်မံလေလံပြုလုပ်ခဲ့ကြောင်း၊ လေလံမအောင်သည့်အတွက် ကျပ်ဘီလျံ ၂၇၀ သို့ လျှော့ချပေးရန် တရားရုံးသို့ ဖေဖော်ဝါရီလ ၁၈ ရက်တွင် တင်ပြခဲ့ကာ ဖေဖော်ဝါရီလ ၂၇ ရက် ရုံးချိန်းတွင် စျေးနှုန်းကို ကျပ် ဘီလျံ၂၇၀ သို့ လျှော့ချပြင်ဆင်ပေးရန် ထပ်မံတင်ပြခဲ့ကြောင်း၊ တက္ကသိုလ်ရိပ်သာလမ်း ခြံအမှတ်(၅၄)၏ လေလံကို မအောင်မချင်း လေလံပြုလုပ်နိုင်ကြောင်း MT News က ဖော်ပြခဲ့ပြီးဖြစ်သည်။
အများစုက ခြံအမှတ် ၅၄ ဟု ခေါ်သော်လည်း ခြံအမှတ်မှာ (၅၄/၅၆) ဖြစ်ပြီး ၁ ဒသမ ၉၂၃ ဧက ကျယ်ဝန်းကာ ဗိုလ်ချုပ်အောင်ဆန်း၏ဇနီး ဒေါ်ခင်ကြည် အမည်ပေါက်ပိုင်ဆိုင်သောခြံဖြစ်ကြောင်း ၊၂၀၂၂ ခုနှစ်တွင် ဦးအောင်ဆန်းဦးက ရောင်းချအမွေခွဲရန် အထူးအယူခံတက်၍ တောင်းဆိုခဲ့စဉ် ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ခွင့်ပြုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခြံအမှတ် (၅၄) ၏ ဧရိယာအကျယ်အဝန်းမှာ ၁ ဒသမ ၉၂၃ ဧက (စတုရန်းပေ (၈၃၇၆၅ ဒသမ ၈၈) ပေ အကျယ်အဝန်းရှိကြောင်းလည်း သိရသည်။