
၂၅. ၃. ၂၀၂၅
Translated by Thettant
ဖိလစ်ပိုင်နိုင်ငံရဲ့ ပိုင်နက်ပင်လယ်ပြင်မှာ ဒီနေ့မနက်အရုဏ်တက်ချိန်က ဖိလစ်ပိုင်အလံတင်တွန်းသင်္ဘောနဲ့ ပနားမားအလံတင်ကာဂိုကုန်သင်္ဘောတို့ ဝင်တိုက်မှုဖြစ်ပွားရာက သင်္ဘောကပ္ပတိန်တစ်ဦးနဲ့ သင်္ဘောသားတစ်ဦးသေဆုံးခဲ့တယ်လို့ လစ်ပိုင်ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖိလစ်ပိုင်ကမ်းခြေစောင့်တပ် (PCG) ထုတ်ပြန်ချက်အရ ဒီနေ့ မတ်လ ၂၅ ရက်နေ့ မနက် ၄ နာရီ မိနစ် ၂၀ ခန့်မှာ ဆာရန်ဂါနီပြည်နယ်၊ မာအာဆင်မြို့အနီး ပင်လယ်ပြင်မှာ ဖိလစ်ပိုင်အလံလွှင့်ထူထားတဲ့ တွန်းသင်္ဘော M/TUG Sadong 33 နဲ့ ပနားမားအလံလွှင့်ထူထားတဲ့ MV Universe Kiza တို့ တိုက်မိခဲ့တာလို့ ထုတ်ပြန်ခဲ့ပြီး သတင်းရရှိတာနဲ့တစ်ပြိုင်နက် PCG ဟာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေး (SAR) အဖွဲ့နဲ့ ရေပေါ်ရှာဖွေရေးယာဉ် ၃ စင်းကို ချက်ချင်းစေလွှတ်ပြီး ကယ်ဆယ်ရှာဖွေ ရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။
ဖြစ်စဉ်ကို အကြောင်းကြားခဲ့တဲ့ M/TUG Sadong 33 ကုမ္ပဏီစီမံကိန်းအင်ဂျင်နီယာ ပြောကြားချက်အရ M/TUG Sadong 33 ပေါ်မှာ သင်္ဘောသား ၈ ဦး လိုက်ပါလာခဲ့တာဖြစ်ပြီး ဒီမနက် ၈ နာရီအချိန်အထိ ကမ်းခြေစောင့်တပ်ရဲ့ ရှာဖွေကယ်ဆယ်ရေးအစီရင်စာအရ သင်္ဘောသား ၈ ဦးထဲက ၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အားလုံးက ကျန်းမာရေးကောင်းမွန်စွာ ရှိနေခဲ့တာပါ။

ဒါပေမဲ့ M/TUG Sadong 33 ရဲ့ ကပ္ပတိန်နဲ့ အခြားသင်္ဘောသားတစ်ဦး ပျောက်ဆုံးနေတာကြောင့် ဆက်လက်ရှာဖွေခဲ့ရာမှာတော့ အသက် ၅၀ အရွယ် M/TUG Sadong 33 ရဲ့ ကပ္ပတိန် Andres Diaz Jr နဲ့ အသက် ၃၁ နှစ်အရွယ် Jan Jeter Labor တို့ရဲ့ ရုပ်အလောင်းတွေကို တွေ့ရှိခဲ့တယ်လို့ မင်ဒါနာအိုတောင်ပိုင်းကမ်းခြေစောင့်တပ်ရဲ့ ပြည်သူ့ဆက်ဆံရေးအရာရှိ Gideon Dulnuan က အတည်ပြုပေးခဲ့ပါတယ်။
ဖြစ်စဉ်ဖြစ်ပွားမှု အသေးစိတ်အခြေအနေကို မသိရသေးဘဲ လက်ရှိမှာတော့ PCG ဟာ ကယ်ဆယ်ရေးလုပ်ငန်းတွေပြီးဆုံးအပြီး လိုအပ်တဲ့ ဥပဒေဆိုင်ရာလုပ်ငန်းဆောင်တာတွေ ဆက်လက်လုပ်ဆောင်နေသလို ရေနံဖိတ်စင်မှု အန္တရာယ်ရှိ မရှိ စစ်ဆေးနိုင်ဖို့ ဆီဖိတ်စင်မှု အကဲဖြတ်ချက်ကို ပြုလုပ်ခဲ့ရာမှာလည်း ဆီဖိတ်စင်မှု မရှိကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
Rrf , PCG & Manilar Bulletin