
ဇန်နဝါရီအတွင်း မြင့်တက်ခဲ့သော စက်သုံးဆီဈေးနှုန်းထက် တစ်လီတာ ကျပ် ၁၆၀ မှ ၂၄၀ ကြား ပြန်ကျဆင်းလာ
၂၅. ၃. ၂၀၂၅
Written by Nyein Kyaw
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၃၅ သန်းထပ်မံရောင်းချပေးမည်ဖြစ်၍ ယခုမတ်လအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၁၂၄ သန်းအထိ ရောင်းချပေးထားကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ယမန်နေ့တွင် ထုတ်ပြန်ချက်အရ သိရသည်။
ဗဟိုဘဏ်မှ စက်သုံးဆီလုပ်ငန်းရှင်များအတွက် မတ်လ ၃ ရက်၊ ၁၀ ရက်နှင့် ၁၇ ရက်တို့တွင် ဒေါ်လာနှင့် ထိုင်းဘတ်များ သုံးကြိမ်ရောင်းချပေးခဲ့ပြီးဖြစ်သည်။ ယခုထပ်မံရောင်းချပေးမှုအပါအဝင် စက်သုံးဆီများအတွက် နိုင်ငံခြားငွေ လေးကြိမ်ရောင်းချပေးမှု ဒေါ်လာ ၁၂၄ သန်းနှင့် ထိုင်းဘတ်သန်း ၃၀၀ အထိ ထုတ်ရောင်းပေးထားသည်။
ထို့အတူ ယမန်နေ့တွင် ထုတ်ပြန်ချက်အရ ဗဟိုဘဏ်က နိုင်ငံခြားငွေကြေးဈေးကွက် (FX Trading Platform) တွင် သွင်းကုန်လုပ်ငန်းရှင်များအတွက် တရုတ်ယွမ် ၁၀ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း အသိပေးထားသည်။
ပြည်တွင်းစက်သုံးဆီဈေးကွက်၌ ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ဓာတ်ဆီတစ်လီတာ ကျပ် ၁၅၀ ဝန်းကျင်နှင့် ဒီဇယ်တစ်လီတာ ကျပ် ၃၀၀ ဝန်းကျင်အထိ မြင့်တက်ခဲ့သလို ဖေဖော်ဝါရီလတွင်လည်း အဆိုပါ အမြင့်ဈေးနှုန်းထက် အနည်းငယ်ထပ်မံမြင့်တက်လာခဲ့သည်။
ထို့ကြောင့် ဗဟိုဘဏ်မှ စက်သုံးဈေးနှုန်း ပြန်လည်မြင့်တက်လာသော ဇန်နဝါရီလအတွင်း စက်သုံးဆီလုပ်ငန်းရှင်များအတွက် ဒေါ်လာ ၄၅ သန်း ထုတ်ရောင်းပေးခဲ့သလို ဖေဖော်ဝါရီလတွင်လည်း ဒေါ်လာ ၆၇ သန်းနှင့် ထိုင်းဘတ်သန်း ၁၅၀ ရောင်းချပေးခဲ့သည်။
စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာချိန် နိုင်ငံခြားငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့၍ ယခုမတ်လအတွင်း စက်သုံးဆီအမျိုးအစားအပေါ်မူတည်ကာ ဇန်နဝါရီလအတွင်း မြင့်တက်ခဲ့သော ဈေးနှုန်းများထက် တစ်လီတာ ကျပ် ၁၆၀ မှ ၂၄၀ ဝန်းကျင်အထိ ပြန်လည်ကျဆင်းခဲ့သည်။