MT News
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ လှူဒါန်းသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm ၃ သန်း Doses နှင့် ဆေးထိုးအပ် ၃ သန်းတို့ ဇန်နဝါရီ ၁၉ ရက်နေ့ နံနက် ၇ နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ပြီး လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယခုလှူဒါန်းသော ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများအတွက် လှူဒါန်းခြင်းဖြစ်ပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများအတွက် စဉ်ဆက်မပြတ်ကူညီပေးလျက်ရှိရာ မြန်မာနိုင်ငံ၏ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာနှင့် ကျန်းမာရေးဝန်ထမ်း သင်တန်းပို့ချရေးစင်တာများ တည်ဆောက်ရာတွင်လည်း အကူအညီပေးလျက်ရှိကြောင်းနှင့် အဆိုပါ စင်တာများ ဆောက်လုပ်ပြီးစီးပါက မြန်မာနိုင်ငံ၏ ဇီဝလုံခြုံမှုဆိုင်ရာ သုတေသနပြုမှုကို အဆင့်မြှင့်တင်ပေးနိုင်မည့်အပြင် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများအတွက် များစွာအထောက်အကူပြု မည်ဟုမျှော်လင့်ကြောင်း တရုတ်သံအမတ်ကြီးက ပြောသည်။
ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အခြားကူးစက်ရောဂါများ တိုက်ဖျက်နိုင်ရေး တရုတ်နိုင်ငံနှင့် ဆက်လက်ပူးပေါင်းကာ ယခုလှူဒါန်းသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ သန်းကို ကျောင်းနေအရွယ်ကလေးများ၊ နာတာရှည်ရောဂါအခံရှိသော အသက်အရွယ်ကြီးသူများကို ထပ်ဆောင်းကာကွယ် ဆေးထိုးနှံမှုအနေဖြင့် အသုံးပြုသွားမည်ဖြစ်ကြောင်း ဒေါက်တာသက်ခိုင်ဝင်းက ပြောကြားသည်။