
နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးသူ အစ္စလာမ်လက်နက်ကိုင် ၈၅ ဦး ရှိလာ
၂၅. ၃. ၂၀၂၅
Written by Nay Moe
NUG ဩဇာခံ နေပြည်တော် PDF အဖွဲ့ရဲ့ လက်အောက် ထနောင်းစစ်ကြောင်းက PDF ဒုတပ်ခွဲမှူး ရဲဘော်ငတေ မိုးဗြဲတိုက်ပွဲမှာ သေဆုံးသွားလို့ မနေ့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဓလေ့နဲ့ နာရေးအခမ်းအနား ကျင်းပခဲ့ကြပါတယ်။


ရဲဘော်ငတေဟာ အစ္စလာမ်ဘာသာဝင်ဖြစ်ပြီး နာမည်ရင်းက မိုဟမ္မဒ် နို့အ်မာန့် (ခ) ကျော်တေဇပါ။ သူဟာ အမှတ် (၈၀၅)တပ်ရင်းရဲ့ အပတ်စဥ် (၂) က အခြေခံစစ်သင်တန်းပြီးမြောက်ပြီးနောက်မှာ (၂)နှစ်ခွဲကျော်ကြာ တိုက်ပွဲဝင်ခဲ့ပြီး သေဆုံးချိန်မှာ အသက် ၂၁ နှစ်သာ ရှိသေးတယ်လို့ သိရပါတယ်။
အမှတ်(၈၀၅)တပ်ရင်း၊ နေပြည်တော် ပြည်သူ့ကာကွယ်ရေးတပ် ထနောင်းစစ်ကြောင်း တပ်ခွဲ (၁) က ဒု-တပ်ခွဲမှူးရဲဘော်ငတေဟာ မိုးဗြဲမြို့ ရှေ့တန်းစစ်မြေပြင်မှာ မတ်လ ၂၂ ရက်နေ့က ကျည်သင့်သေဆုံးခဲ့တာဖြစ်ပြီး ၂၅ ရက်မှာ တောတွင်းတစ်နေရာမှာ အသုဘပြုလုပ်ခဲ့တာပါ။


နွေဦးတော်လှန်ရေးအမည်တပ်ပြီး လက်နက်ကိုင်တိုက်ခိုက်မှုလေးနှစ်ကာလအတွင်းမှာ ငတေအပါအဝင် အစ္စလာမ်ဘာသာဝင် လက်နက်ကိုင်တွေသေဆုံးမှုက ၈၅ ယောက်အထိ ရှိလာပြီလို့လည်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်မ်ကွန်ရက်က သိရပါတယ်။