
၂၅. ၃. ၂၀၂၅
Written by Nyein Kyaw
၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အတွက် ရန်ကုန်တိုင်းအတွင်း ရေကစားမဏ္ဍပ်များ ဆောက်လိုသူများအနေဖြင့် ယနေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ အသိပေးကြေညာထားသည်။


သတ်မှတ်စည်းကမ်းချက်များနှင့်အညီ မိသားစုမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များကို ရေရရှိနိုင်ရေးအခြေအနေပေါ်မူတည်၍ လည်းကောင်း၊ ယာဉ်ကြောကျပ်တည်းမှု အခြေအနေပေါ်မူတည်၍ လည်းကောင်း၊ မဏ္ဍပ်အကြီးနှင့် အလတ်များကို စနစ်တကျ ခွင့်ပြုနေရာချထားပေးမည်ဖြစ်သည်။
ရေကစားမဏ္ဍပ် ဆောက်လိုသူများအနေဖြင့် မတ်လ ၂၅ ရက် (ယနေ့) မှ ဧပြီလ ၇ ရက်အထိ သတ်မှတ်လျှောက်လွှာပုံစံများဖြင့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့၏ စိစစ်ထောက်ခံချက်များနှင့်အတူ ရန်ကုန်မြို့တော် စည်ပင်သာယာ ရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)သို့ လျှောက်ထားရမည်ဖြစ်သည်။
သတ်မှတ်ရက်ထက် နောက်ကျလျှောက်ထားသော လျှောက်လွှာများကို လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက ဖုန်း- ၀၁၈၃၇၁၁၂၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း အသိပေးထားသည်။