MT News
Written by Tha Doe
ပြည်ဒေသတွင် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေများနှင့် ထင်ရှားသည့် ဘုရားများစွာတည်ရှိနေသဖြင့် ရထားခရီးဖြင့် အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ရထားလမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိကာ နောင်တစ်ချိန်တွင် လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ရထားများ ပြေးဆွဲနိုင်ရေး ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၄ ရက်တွင် ပြည်မြို့ရှိ MSME လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဥ်ပြောကြားသည်။
ထို့အပြင် ဒေသသန့်ရှင်းသာယာလှပရေးအတွက် တာဝန်ရှိသူများအနေဖြင့် အားလုံးဝိုင်းဝန်းဆောင်ရွက်ကြရန်လိုအပ်သဖြင့် ပတ်ဝန်းကျင်ကောင်းများဖန်တီးပေးရန်နှင့် ကမ္ဘာလှည့်ခရီးသွားများ နေထိုင်ရန် သင့်တော်သည့် တည်းခိုနေရာနှင့် ခေတ္တအနားယူသည့် နေရာများကို စနစ်တကျ တည်ဆောက်ရန်လိုကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။
ဒေသခံများအနေဖြင့် အစားအသောက်များကိုလည်း ယခုထက်ပိုမိုသန့်ရှင်းသပ်ရပ် ကောင်းမွန်အောင် ဆောင်ရွက်၍ ပြည်တွင်း၊ ပြည်ပခရီးသွားများကို ဆွဲဆောင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရန်လိုအပ်ပြီး ရုရှားနိုင်ငံမှ ခရီးသွားများမြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ရေး ဒေသအလိုက် ရုရှား-မြန်မာ ချစ်ကြည်ရေး အသင်းများဖွဲ့စည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းလည်း ခရီးသွားကဏ္ဍနှင့် စဥ်လျဥ်းပြောကြားသည်။
လတ်တလောတွင် စက်သုံးဆီများကို အဓိကအားဖြင့် ပြည်ပမှတင်သွင်းနေရပြီး ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူရရှိနိုင်ရေး နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ မကြာမီ အချိန်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်မည့် အလားအလာများရှိနေသည်။ ထို့ပြင် စက်မှုလုပ်ငန်းများအတွက် လိုအပ်သည့် လျှပ်စစ်ဓာတ်အားများရရှိရေးအတွက် နိုင်ငံတော်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိကာ သဘာဝဓာတ်ငွေ့ထုတ်ယူရရှိနိုင်သည့် နေရာလည်းတွေ့ရှိထားပြီဖြစ်ပြီး နောင်လာမည့် သုံးနှစ်ခန့် အတွင်း ထုတ်ယူနိုင်မည်ဖြစ်သည့်အပြင် လျှပ်စစ်ဓာတ်အားဖြင့် အသုံးပြုနိုင်သည့် အများ ပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို အကောင်အထည်ဖော်ရန်အတွက် စီမံချက်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်းလည်း SAC ဥက္ကဋ္ဌက ပြောကြားသည်။