
၂၅. ၃. ၂၀၂၅
Written by Nay Moe
PDF တွေက ရှော့တိုက်ဒုံးသီး၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ကြလို့ အထက်တန်းပြဆရာမတစ်ဦးနဲ့ ကလေးငယ်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူငါးဦး ဗုံးစထိမှန် ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။


ဖြစ်စဉ်က မတ်လ ၂၃ ရက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်မှာ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်ပြည်သူ့ဆေးရုံဆီ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေနဲ့ အမျိုးသမီးတစ်ဦးနဲ့ ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာမှာ စလင်းမြို့နယ်၊ မြောင်းလှဦးကျေးရွာနဲ့ ပေါက်ဆိန်ပေါက်ကျေးရွာတွေကို စလင်းက PDF အဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ အဆိုပါကျေးရွာတွေထဲ ရှော့တိုက်ဒုံးသီးများစွာ ကျရောက် ပေါက်ကွဲခဲ့မှုကြောင့် မြောင်းလှဦးကျေးရွာနေ မောင်ကော့ကန်အခြေခံပညာအထက်တန်းကျောင်းခွဲက အထက်တန်းပြဆရာမ ဒေါ်ကေခိုင်ဦး(၃၃)နှစ်နဲ့ ပေါက်ဆိန်ပေါက်ကျေးရွာနေ မောင်မင်းသုခ(၄)နှစ်တို့မှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တာလို့ သိရပါတယ်။
မတ်လ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာလည်း မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် ပြည်သူ့ဆေးရုံမှာပဲ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ စလင်းမြို့နယ်၊ ဂွေးပင်ဇင်ကျေးရွာနေ ဦးမောင်ဌေး(၄၅)နှစ်ဟာ ကျေးရွာအနောက်မြောက်ဘက်က ၎င်းပိုင်ယာခင်းကနေ ဂွေးပင်ဇင်ကျေးရွာကို ဆိုင်ကယ်နဲ့ပြန်လာချိန် ကျေးရွာအနောက်မြောက်ဘက် နှစ်ဖာလုံခန့်အကွာ မြေသားလမ်းပေါ်အရောက် လမ်းဘေးမှာ PDF အဖွဲ့က ထောင်ထားတဲ့ မိုင်းတစ်လုံး ပေါက်ကွဲခဲ့မှုကြောင့် ဦးမောင်ဌေးမှာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။


ဒါ့အပြင် မတ်လ ၂၃ ရက် မွန်းလွဲ ၃ နာရီ ၂၀ မိနစ်မှာပဲ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်က မန္တလေးပြည်သူ့ဆေးရုံကြီးမှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာမှာ နွားထိုးကြီးမြို့နယ်၊ လက်ဝဲကျေးရွာကို PDF အဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ကျေးရွာအတွင်းကို လက်နက်ကြီးဗုံးသီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အဆိုပါကျေးရွာနေ ဦးမောင်ကြိုင်(၆၅)နှစ်မှာ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့လို့ မန္တလေးပြည်သူ့ဆေးရုံကြီးဆီ လာရောက်ကုသမှုခံယူတာလို့ သိရပါတယ်။
အထက်ပါဖြစ်စဉ်တွေအပြင် ည ၈ နာရီအချိန်မှာလည်း ကရင်ပြည်နယ်၊ ဘားအံခရိုင်ပြည်သူ့ဆေးရုံကြီးမှာ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေနဲ့ အမျိုးသားတစ်ဦး ရောက်ရှိနေတယ် သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်၊ ကမမောင်းမြို့၊ အမှတ်(၃)ရပ်ကွက်နေ ဦးအောင်စန်းဝင်း(၄၉)နှစ်ဟာ ဘားအံမြို့နယ်၊ ကပ်ကျော်ကျေးရွာနဲ့ အောင်တော်မူဘုန်းကြီးကျောင်းကြား ချောင်းစပ်မှာ ငါးဖမ်းနေချိန် KNU နဲ့ PDF တွေ ထောင်ထားတဲ့ မိုင်းတစ်လုံးကို နင်းမိပေါက်ကွဲခဲ့မှုကြောင့် မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာတွေ ရရှိခဲ့လို့ လာရောက်ဆေးကုသမှုခံယူခဲ့တာလို့ သိရပြီး အထက်ပါဖြစ်စဉ်ဖြစ်ပွားရာနေရာတွေကို တာဝန်ရှိသူတွေက စိစစ်ရှင်းလင်းမှု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။